တရုတ်ဖိအားကြောင့် ထိုင်ဝမ်သမ္မတ၏ အာဖရိကခရီးစဉ် ပျက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်သည် ယခုတစ်ပတ်အတွင်း အာဖရိကနိုင်ငံဖြစ်သော အက်စ်ဝါတီးနီ (Eswatini) သို့ သွားရောက်မည့် ခရီးစဉ်ကို အင်္ဂါနေ့တွင် ရုတ်တရက် ဖျက်သိမ်းလိုက်ရပါသည်။ 

သမ္မတ၏ လေယာဉ်ဖြတ်သန်းမည့် လမ်းကြောင်းပေါ်ရှိ ဆေးရှဲလ် (Seychelles)၊ မောရစ်ရှ (Mauritius) နှင့် မာဒါဂတ်စကာ (Madagascar) နိုင်ငံတို့က ဝေဟင်ပိုင်နက်အတွင်း ဖြတ်သန်းပျံသန်းခွင့်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပိတ်ပင်လိုက်ခြင်းကြောင့် ဖြစ်ပါသည်။

ထိုင်ဝမ်အစိုးရက ဤလုပ်ရပ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးအရ အကြပ်ကိုင်မှုနှင့် ဖိအားပေးမှုများကြောင့်ဖြစ်ကြောင်း တိုက်ရိုက်စွပ်စွဲထားပါသည်။ 

မာဒါဂတ်စကာနိုင်ငံကမူ ၎င်းတို့အနေဖြင့် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကိုသာ လက်ခံသောကြောင့်ဖြစ်ကြောင်း တုံ့ပြန်ထားပါသည်။ 

အက်စ်ဝါတီးနီ (Eswatini) သည် ထိုင်ဝမ်ကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုထားသည့် ၁၂ နိုင်ငံထဲမှ တစ်နိုင်ငံဖြစ်သည်၊ 

သမ္မတလိုင်သည် ထိုနိုင်ငံ၏ ဘုရင် နန်းတက်ခြင်း အနှစ် ၄၀ ပြည့်ပွဲကို တက်ရောက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ 

သမ္မတလိုင်က တရုတ်နိုင်ငံ၏ ယခုကဲ့သို့ နှိပ်ကွပ်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏ ဖိအားကြောင့် ထိုင်ဝမ်သမ္မတတစ်ဦး ပြည်ပခရီးစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။