ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ရက်အကန့်အသတ်မရှိ သက်တမ်းတိုး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးရန် နာရီပိုင်းအလိုတွင် ရက်အကန့်အသတ်မရှိ ထပ်မံတိုးမြှင့်လိုက်သည်။ 

ဤဆုံးဖြတ်ချက်သည် ဒေသတွင်းစစ်မီး ပြန်လည်တောက်လောင်မည့် အခြေအနေကို ယာယီရှောင်ရှားနိုင်ခဲ့ပြီး သံတမန်နည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းနိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတထရမ့်သည် အင်္ဂါနေ့နံနက်ပိုင်းအထိ အဆိုပါသက်တမ်းကို တိုးမြှင့်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သော်လည်း ပါကစ္စတန်နိုင်ငံမှ ကြားခံစေ့စပ်သူများဖြစ်သည့် စစ်သေနာပတိချုပ် အဆင်မ် မူနာ (Asim Munir) နှင့် ဝန်ကြီးချုပ် ရှီဘာ့ဇ် ရှာရဖ် (Shehbaz Sharif) တို့၏ မေတ္တာရပ်ခံမှုကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ Truth Social ကွန်ရက်တွင် ဖော်ပြထားသည်။

အီရန်အစိုးရအတွင်း သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် တညီတညွတ်တည်းဖြစ်သော အဆိုပြုချက်တစ်ရပ် တင်ပြနိုင်ခြင်းမရှိသေးမီ အချိန်စောင့်ဆိုင်းပေးရန် ပါကစ္စတန်ဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ 

အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) ၏ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် ရရှိမည်ဟု ခန့်မှန်းထားကြသည်။