ဂျပန်က နိုင်ငံတကာသို့ လက်နက်တင်ပို့တော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

ဂျပန်နိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော လက်နက်တင်ပို့မှုဆိုင်ရာ တင်းကျပ်သည့် ကန့်သတ်ချက်များကို အင်္ဂါနေ့တွင် ဖြေလျှော့ပေးလိုက်သည်။ 

ဤပြောင်းလဲမှုကြောင့် ဂျပန်နိုင်ငံသည် ၎င်းနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ရယူထားသော အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ တိုက်ခိုက်ရေးသုံး လက်နက်များ ရောင်းချခွင့် ရရှိသွားမည်ဖြစ်သည်။

ယခင်က ဂျပန်နိုင်ငံသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးစနစ်၊ စောင့်ကြည့်ရေးနှင့် မိုင်းရှင်းလင်းရေးဟူသော ကဏ္ဍ ၅ ခုတွင်သာ လက်နက်ကိရိယာ တင်ပို့ခွင့်ရှိခဲ့ခြင်းဖြစ်သည်။ 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာသည့် ဆာနိုင်း တာကာအီချီ (Sanae Takaichi) က လက်ရှိလုံခြုံရေးအခြေအနေ တင်းမာမှုများအရ ငြိမ်းချမ်းရေးကို တစ်နိုင်ငံတည်း မကာကွယ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ 

သို့သော်လည်း စစ်ပွဲဖြစ်ပွားနေသည့် နိုင်ငံများကို လက်နက်ရောင်းချခြင်းမပြုသည့် မူဝါဒကိုမူ ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံကမူ ဂျပန်၏ ယခုလုပ်ရပ်သည် မဆင်မခြင် စစ်အင်အားချဲ့ထွင်မှုဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ထားပါသည်။