ဂျပန် ပင်လယ်ကြမ်းပြင်တွင် အလေးစားနှင့် အလတ်စား မြေရှား သတ္တုများရှိကြောင်း အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
ဂျပန်နိုင်ငံ၏ ကမ်းလွန် ပစိဖိတ်ကျွန်းစု အနီး ပင်လယ်ကြမ်းပြင် အနက်ပိုင်းမှ တူးဖော်ရရှိသည့် ရွှံ့နွံများကို ဓာတ်ခွဲစမ်းသပ်မှုများအရ အလတ်စားနှင့် အလေးစား မြေရှားသတ္တုပါဝင်မှုမှာ စုစုပေါင်း မြေရှားသတ္တု ပမာဏ၏ ၅၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ဂျပန်အစိုးရက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။
ဂျပန် သိပ္ပံနည်းပညာဆိုင်ရာ တူးဖော်ရေး သင်္ဘောတစ်စင်းဖြစ်သည့် Chikyu သည် တိုကျိုမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၉၀၀ ခန့်အကွာရှိ မိနာမိတိုရိရှိမ (Minamitorishima) ကျွန်းအနီးတွင် ၁ လကြာ တူးဖော်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလက အောင်မြင်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
ယင်းသည် ပင်လယ်ရေအနက် ၆ ကီလိုမီတာခန့်ရှိသော ကြမ်းပြင်မှ မြေရှားသတ္တုပါသည့် ရွှံ့နွံများကို ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် မနားတမ်း စုပ်ယူတူးဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက အရေးကြီး ပစ္စည်းများထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် မြေရှား သတ္တုများကို ထိန်းချုပ်ထားသဖြင့် အစားထိုး ထုတ်လုပ်ရန် ဂျပန်က ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စမ်းသပ်တူးဖော်မှုမှ ရွှံ့နွံတန်ချိန် ၅၀ ခန့် ရရှိခဲ့သည်။
စမ်းသပ်စစ်ဆေးချက်များအရ လေကြောင်း၊ စွမ်းအင်နှင့် ဆဲမိကွန်ဒါတာ (Semiconductor) ထုတ်လုပ်ရေးတွင် သုံးသည့် Yttrium၊ သံလိုက်ဓာတ်မှန် (MRI) နှင့် နည်းပညာမြင့် ပစ္စည်းများတွင် သုံးသည့် Gadolinium နှင့် လျှပ်စစ်ကားသုံး စွမ်းဆောင်ရည်မြင့် သံလိုက်များတွင် သုံးသည့် Dysprosium သတ္တုများ ပါဝင်နေကြောင်း ဂျပန်ဝန်ကြီးအဖွဲ့ရုံး၏ ပင်လယ်ရေကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အတည်ပြုထားသည်။
ဤတွေ့ရှိမှုအပေါ်မူတည်၍ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်၍ တလကြာ ရွံ့နွံတူးဖော်ရေး လုပ်ငန်းများကို လုပ်ဆောင်ပြီး ရွံ့နွံတန်ချိန် ၃၅၀ ခန့် ရယူမည်ဖြစ်ကြောင်း ကြေညာထားသည်။
ရရှိလာသည့် ဒြပ်ဝတ္ထုများကို မိနာမိတိုရိရှိမ ကျွန်းတွင် ရေစစ်ထုတ်ပြီးနောက် သတ္တုသန့်စင်ခြင်းနှင့် သတ္တုကျိုချက်ခြင်း နည်းပညာများကို စမ်းသပ်ရန် ဂျပန်ပြည်မကြီးသို့ ပို့ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ စမ်းသပ်မှုမှတစ်ဆင့် ပြည်တွင်း၌ မြေရှားသတ္တု ထုတ်လုပ်နိုင်ခြေ အခြေအနေကို အတည်ပြုနိုင်မည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် အလားအလာ အကဲဖြတ်ချက် အပြည့်အစုံကို ၂၀၂၈ ခုနှစ် မတ်လတွင် ထုတ်ပြန်နိုင်မည်ဟု ရွံ့နွံများ တူးဖော်ခဲ့သည့် Chikyu တူးဖော်ရေးသင်္ဘောကို မောင်းနှင်သည့် ဂျပန် ပင်လယ်-ကမ္ဘာမြေ သိပ္ပံနှင့် နည်းပညာအေဂျင်စီမှ စီမံကိန်းမန်နေဂျာ Kazushige Kikuchi က ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် အချို့သော အလေးစား မြေရှားသတ္တုများနှင့် သံလိုက် ထုတ်ကုန်များ တင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့သည်။
ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ တင်ပို့မှုကို ထပ်မံ တင်းကျပ်ခဲ့ကာ ဖေဖော်ဝါရီလအတွင်းတွင်လည်း ဂျပန် စီးပွားရေး လုပ်ငန်းစုကြီးများကို ပစ်မှတ်ထား၍ ကန့်သတ်ချက်များ ထပ်မံထုတ်ပြန်ခဲ့သည်။