ဂျပန် ကုမ္ပဏီ/အဖွဲ့အစည်း  ၂၀ ကို နှစ်မျိုးသုံး ပစ္စည်း ထိန်းချုပ်မှု စာရင်းတွင် တရုတ်ထည့်သွင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်။ 

ဂျပန်၏ စစ်ရေးပြန်လည်ဦးမော့လာမှုကို အကြောင်းပြ၍ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုထိန်းချုပ်သည့် စာရင်း၌ ဂျပန်အဖွဲ့အစည်း ၂၀ ကို တရုတ်က ထပ်မံ ထည့်သွင်းလိုက်သည်။ 

တရုတ်နိုင်ငံသည် ဂျပန်အစိုးရ၏ စစ်ရေးပြန်လည်ဦးမော့လာရေး ရည်မှန်းချက်များကို အကြောင်းပြလျက် တနင်္လာနေ့တွင် ဂျပန်အဖွဲ့အစည်း ၂၀ ကို စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ (Dual-use items) တင်ပို့မှု ထိန်းချုပ်သည့်စာရင်းထဲသို့ ထည့်သွင်းလိုက်သည် 

ယခုလုပ်ရပ်ကြောင့် တရုတ်ကုမ္ပဏီများအနေဖြင့် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အဆိုပါဂျပန်အဖွဲ့အစည်းများထံ ကုန်ပစ္စည်းရောင်းချခွင့် ရှိမည် မဟုတ်ပေ။ 

တိုကျိုအစိုးရကို ပစ်မှတ်ထား၍ တရုတ်အစိုးရက ဆက်တိုက်လုပ်ဆောင်လာသည့် ပို့ကုန်ကန့်သတ်မှုများအနက် ယခုနောက်ဆုံးလုပ်ရပ်သည် ဂျပန်နိုင်ငံ၏ “စစ်ဝါဒပုံစံသစ်” နှင့် နျူကလီးယားဆိုင်ရာ ရည်မှန်းချက်များကို ကန့်သတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ 

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဘက်က ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဂျပန်ဝန်ကြီးချုပ် စာနိုင်း တာကာအီချီ (Sanae Takaichi) ၏ ထိုင်ဝမ်နှင့်ပတ်သက်သော ထိလွယ်ရှလွယ်စကားရပ်များ ပြောကြားခဲ့မှုနှင့် တိုကျိုအစိုးရ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဆုံးဖြတ်ချက်တို့ကြောင့် တရုတ်နှင့် ဂျပန်အကြား ဆက်ဆံရေး တင်းမာခဲ့ရသည်။ 

ထို့နောက်၊ ပေကျင်းအစိုးရသည် ယခုနှစ် ဇန်နဝါရီလမှစတင်၍ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုများ စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရက “တရုတ်နိုင်ငံ၏ ဥပဒေနှင့်အညီ စာရင်းသွင်းဆောင်ရွက်မှုသည် ဂျပန်အဖွဲ့အစည်း အရေအတွက်အနည်းငယ်ကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာအစီအမံများသည် စစ်ဘက်-လူဘက်နှစ်မျိုးသုံးပစ္စည်းများနှင့်သာ သက်ဆိုင်သဖြင့် တရုတ်နှင့် ဂျပန်အကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်မှု ကူးလူးဆက်ဆံရေးကို ထိခိုက်မှုမရှိစေရ” ဟု ဆိုကာ ဥပဒေလိုက်နာပြီး “ရိုးသားဖြောင့်မတ်စွာ” လုပ်ကိုင်နေသည့် ဂျပန်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နှစ်သိမ့်ပြောကြားထားသည်။

တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ ထိန်းချုပ်မှုစာရင်းထဲ ထည့်သွင်းခံရသည့် အဖွဲ့အစည်း ၂၀ တွင် ဂျပန်အမျိုးသားကာကွယ်ရေးလေ့လာမှုဗေဒအဖွဲ့ (Institute for Defence Studies) အပြင် မစ်ဆူဘီရှီ (Mitsubishi)၊ ကိုမတ်စု (Komatsu) နှင့် ဖူဂျစ်ဆု (Fujitsu) ကုမ္ပဏီတို့၏ လက်အောက်ခံကုမ္ပဏီခွဲများ ပါဝင်နေသည်။

စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်း (Dual-use items) ဆိုသည်မှာ အရပ်ဘက်တွင် အသုံးပြုနိုင်သကဲ့သို့ စစ်ဘက်ဆိုင်ရာ သို့မဟုတ် လက်နက်ထုတ်လုပ်မှု တိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ခြေရှိသည့် ကုန်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်များနှင့် နည်းပညာများကို ဆိုလိုခြင်းဖြစ်သည်။

ယခုအမိန့်သည် ချက်ချင်းသက်ရောက်မှုရှိပြီး တရုတ်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအဖွဲ့အစည်းများထံ ရောင်းချခြင်းကို ပိတ်ပင်ထားသလို၊ ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့်လည်း တရုတ်နိုင်ငံထုတ် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများကို ယင်းဂျပန်အဖွဲ့အစည်းများထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း မပြုရန် တားမြစ်ထားသည်။

ထို့အပြင် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့ထံ တင်ပို့မည့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများကို နောက်ဆုံးမည်သူက မည်သည့်နေရာတွင် အသုံးပြုမည် ဆိုသည်ကို အတည်မပြုနိုင်သည့် အခြားဂျပန်အဖွဲ့အစည်း ၂၀ ကိုလည်း စောင့်ကြည့်ရမည့် အမည်ပျက် စာရင်း (Watchlist) ထဲသို့ ထည့်သွင်းထားသည်။

ယင်းစောင့်ကြည့်စာရင်းသည် အဆိုပါအဖွဲ့အစည်းများနှင့် ကုန်သွယ်မှုပြုခြင်းကို ဟန့်တားစေမည်ဖြစ်ပြီး၊ ကုန်သွယ်ရန် လျှောက်ထားသည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးနိုင်ခြေဆန်းစစ်ချက်အစီရင်ခံစာ (Risk assessment report) နှင့် အဆိုပါပစ္စည်းများကို ဂျပန်စစ်အင်အားတိုးတက်စေမည့် မည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးမပြုပါဟူသော ခံဝန်ကတိကဝတ်ကို စာဖြင့်ရေးသားတင်ပြရန် လိုအပ်မည်ဖြစ်သည်။