စစ်ဘက်- အရပ်ဘက် ၂ မျိုးသုံး ကုန်ပစ္စည်းများကို ဂျပန်သို့ မပို့ရန် တရုတ် တားမြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံသို့ တင်ပို့နေသည့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်း (Dual-use items) များကို တင်ပို့မှု ပိတ်ပင်လိုက်သည်။
ယင်းမှာ ဂျပန်ဝန်ကြီးချုပ် ဆာနိုင်း တာကာအီချီ (Sanae Takaichi) ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သော ပြောကြားချက်များအပေါ် တုံ့ပြန်မှုများထဲမှ တစ်ခု ဖြစ်သည်။
ပိတ်ပင်လိုက်သည့် ကုန်ပစ္စည်းစာရင်းအတိအကျကို ထုတ်ပြန်ထားခြင်း မရှိသော်လည်း အဆိုပါစာရင်းတွင် ဂယ်လီယမ် (Gallium)၊ ဂျာမေနီယမ် (Germanium)၊ ဂရက်ဖိုက် (Graphite) စသည့် အဆင့်မြင့်နည်းပညာသုံး သတ္တုတွင်းထွက်များ၊ မြေရှားသတ္တုများ၊ အဆင့်မြင့်စက်မှုသုံးပစ္စည်းများနှင့် ဒရုန်း (UAV) နည်းပညာများ ပါဝင်နေပါသည်။
ဤအမိန့်ကို ချိုးဖောက်သူ မည်သူ့ကိုမဆို အရေးယူမည်ဟု တရုတ်ဘက်မှ ကြေညာထားပြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ စိတ်မကောင်းဖြစ်ရကြောင်းနှင့် အဆိုပါအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားပါသည်။
ထို့ပြင် တရုတ်နိုင်ငံသည် မိမိနိုင်ငံသားများ ဂျပန်သို့ ခရီးမသွားရန် သတိပေးခြင်းနှင့် ဂျပန်ရှိ ပန်ဒါဝက်ဝံနှစ်ကောင်ကို ယခုလကုန်တွင် ပြန်လည်ပေးအပ်ရန် ဖိအားပေးခြင်းများလည်း ပြုလုပ်လျက်ရှိပါသည်။