ကိုးကန့်တပ်ဖွဲ့များ သီပေါ-လားရှိုး လမ်းပိုင်းမှ ဆုတ်ခွာ၊ သီပေါ တံတား ပိတ်ထားဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

ရှမ်းပြည် မြောက်ပိုင်း ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ စစ်ဆေးရေးဂိတ်များ ပိတ်သိမ်းကာ တပ်ဆုတ်ပေးလိုက်ပြီ ဖြစ်သော်လည်း စစ်ကော်မရှင်က သီပေါ တံတားဖြတ်သန်းခွင့်ကို ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက လားရှိုးမြို့တွင် ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးပွဲ သဘောတူညီချက်အရ MNDAA တပ်ဖွဲ့ဝင်များသည် သီပေါတံတားနှင့် လားရှိုးမြို့အထွက် မယ်ဟန်ဂိတ်များမှ ဇန္နဝါရီလဆန်းတွင် စတင်ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် သီပေါတံတား၌ စစ်ကော်မရှင်တပ် တစ်ဖွဲ့တည်းသာ ရှိတော့ပြီး ဒေသခံများကို ခြေလျင် ဖြတ်သန်း ခွင့်သာ အချိန်ပိုင်း ခွင့်ပြုထားကြောင်း ဆိုသည်။

တံတားပိတ်ထားမှုနှင့် ပတ်သက်၍ သီပေါဒေသခံ အမျိုးသမီးတစ်ဦးက ကိုးကန့်တပ်ကတော့ ၉ မိုင်လမ်းခွဲ အထိ အကုန်ဆုတ်သွားပြီ။ လမ်းပေါ်မှာ ဂိတ်တွေလည်း မရှိတော့ဘူး။ ဒါပေမဲ့ တံတားကိုတော့ အခုထိ ကားတွေ ဆိုင်ကယ်တွေ ပေးမဖြတ်သေးဘူး။ လူပဲ လမ်းလျှောက်ဖြတ်လို့ ရသေးတာ။ ကုန်ကားတွေလည်း သွားလို့မရ တော့ ကုန်ဈေးနှုန်းတွေက အဆမတန် တက်နေပြီ။ အစိုးရ ဘက်ကတော့ ပြန်ဖွင့်မယ်ပဲ ပြောနေတာ လက်တွေ့ မှာတော့ ဘာမှ ဖြစ်မလာသေးဘူး ဟု ပြောသည်။

MNDAA တပ်ဖွဲ့များသည် လမ်းမကြီးတစ်လျှောက်မှ ဖယ်ပေးခဲ့သော်လည်း ၉ မိုင်လမ်းခွဲမှတစ်ဆင့် ဆောင်ကြဲ၊ ဆင်ကျော့နှင့် မိုင်းရယ်မြို့နယ်ဘက်သို့ ပြောင်းရွှေ့အခြေစိုက်ထားကာ ကျေးရွာများအတွင်းတွင်မူ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

စစ်ကော်မရှင်ဘက်ကမူ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့မျှ ဂိတ်ထိုင်ခြင်းမပြုရန် တောင်းဆိုထားပြီး တံတားပြန်ဖွင့်ရန် ပြင်ဆင်နေကြောင်း ဝါဒဖြန့်နေသော်လည်း ဇန်နဝါရီ ၆ ရက်အထိ ယာဉ် ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

သီပေါမြို့ခံ တစ်ဦးကလည်း လမ်းပိတ်ထားတာ ၂ လနီးပါး ရှိလာပြီ။ အဓိက လမ်းမကြီးဖြစ်တဲ့အတွက် ပြည်မ နဲ့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်သလို ဖြစ်နေတာ။ တံတားက လူပဲ ဖြတ်ခွင့်ပေးတာဆိုတော့ စက်လှေနဲ့ ကူးနေ ရတာထက်စာရင် နည်းနည်းသက်သာပေမဲ့ ကားတွေ သွားလို့မရသရွေ့တော့ အဆင်မပြေဘူး။ နောက်ပြီး တပ် တွေက ရွာတွေထဲမှာ ရှိနေသေးတော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာကိုလည်း စိုးရိမ်နေကြတုန်းပဲ ဟု ပြောသည်။

ရှမ်းမြောက်ဒေသနှင့် မန္တလေးအပါအဝင် မြို့ကြီးများကို ဆက်သွယ်ထားသည့် အဓိကသွေးကြောဖြစ်သော ဤလမ်းပိုင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် သီပေါမြို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ် ပြီးနောက်ပိုင်း လမ်းပိတ်ဆို့မှုများနှင့် စစ်ရေးတင်းမာမှုများကို တောက်လျှောက် ကြုံတွေ့နေရခြင်း ဖြစ်သည်။

သီပေါ-လားရှိုး လမ်းပိုင်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် လမ်းမကြီး ဖြစ်သော်လည်း လပေါင်းများစွာ လမ်းပိတ်ဆို့ထားမှုကြောင့် ဒေသတွင်းစီးပွားရေးမှာ များစွာ ထိခိုက်ကျဆင်း နေရသည်။ 

စစ်ကော်မရှင်ဘက်က လမ်းပြန်ဖွင့်ရန် ပြင်ဆင်နေသည်ဟု ဆိုသော်လည်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး အခြေ အနေများ အပေါ် မူတည်၍ လမ်းပိုင်းပြန်လည်ကောင်းမွန်လာမည့် အခြေအနေမှာမူ မရေရာသေးဘဲ ဖြစ်နေ သည်။