မူဆယ်-လားရှိုးလမ်းမပေါ်ရှိ KIA ဂိတ်များကို MNDAA က ဖယ်ရှားခိုင်းခြင်းမရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်။ 

မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဆေးရေး ဂိတ်များကို ကိုးကန့်တပ် (MNDAA) က ဖယ်ရှားခိုင်းသည်ဆိုသည့် သတင်းများမှာ အခြေအမြစ်မရှိကြောင်း KIA ဘက်က တုံ့ပြန်ပြောဆိုလိုက်သည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များ အကြား နယ်မြေစိုးမိုးမှု အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ 

ကွတ်ခိုင်တွင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ စစ်ဆေးရေးဂိတ်များကို ကိုးကန့်တပ် (MNDAA) က ဖယ်ရှားခိုင်းသည်ဆိုသည့် သတင်း များ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ KIA ဘက်က အခြေအမြစ်မရှိကြောင်း ပြန်လည်တုံ့ပြန်လိုက်ပြီး လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က ကွတ်ခိုင်မြို့နယ်အတွင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် MNDAA က ကွတ်ခိုင်မြို့ တစ်ခုလုံးကို ထိန်းချုပ်လိုက်သည့် အခြေအနေတွင် ယခုကဲ့သို့ ဂိတ်များဖယ်ရှားခိုင်းသည့် သတင်း များ လူမှုကွန်ရက်နှင့် မီဒီယာအချို့တွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သူတို့ဘက်ကနေ အကြောင်းကြားလာတာ မရှိပါဘူး။ ဂိတ်ကို ဖယ်ခိုင်းတာလည်း မရှိဘူး ဟု အတည်ပြု ပြောသည်။

KIA အနေဖြင့် သိန္နီနှင့် ကွတ်ခိုင်အကြားရှိ ဟိုမုန်းအပါအဝင် အဓိကနေရာနှစ်ခုတွင် အခွန်ကောက်ခံသည့် ဂိတ်များနှင့် လုံခြုံရေးဂိတ်များ ရှိနေဆဲဖြစ်သော်လည်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အခွန်ကောက်ခံခြင်း ကိုမူ ရပ်ဆိုင်းထားသည်မှာ ကြာပြီဖြစ်ကြောင်း ဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက ကျနေည်တို့ ဘက်ကနေတော့ ဒီပြည်ထောင်စု လမ်းမပေါ်မှာကတော့ အခွန်အကောက် တွေ မကောက်ဖို့ကတော့ ကျွန်တော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ချထားတာကတော့ ကြာပါပြီ။ အဓိက ကတော့ ဂိတ် ၂ ဂိတ် ဖြစ်ပါတယ်။ ဟို ကျနော်တို့ ဟိုမုန်းဆိုတဲ့ နေရာနဲ့ ဟို သိန္နီနဲ့ ကွတ်ခိုင်အကြားပေါ့ ဒီ ၂ နေရာပါပဲ။ အဓိက ကျနော်တို့ အခွန်ကောက်တဲ့ ဂိတ်ကတော့ ဒါတွေက အခု အခွန်ကောက်တာက အခု မလုပ် တော့ဘူးလေ။ ကြာပါပြီ အဲဒီမှာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပါပဲ ဒီအခွန်တွေ မကောက်တာကတော့ ကြာ ပါပြီ။ ကျန်တဲ့နေရာမှာတော့ ဂိတ်တော့ရှိပါတယ်။ ဒါပေမဲ့ ဘယ်လို ပြောရမှာလဲ လုံခြုံရေး ဂိတ်တွေပေါ့။ အဲဒါတွေကတော့ ရှိပါတယ်။ အခုလည်း ရှိပါတယ် အဲဒါတွေကတော့ ဟု အသေးစိတ် ရှင်းပြသည်။

လက်ရှိတွင် MNDAA ဘက်မှ ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေစိုးမိုးမှုပိုင်းဆိုင်ရာ ပြန်လည်စီမံခန့်ခွဲမှုများ လုပ်ဆောင်နေခြင်းကြောင့် မဟာမိတ်တပ်ဖွဲ့များအကြား နားလည်မှုလွဲမှားခြင်းများ မရှိစေရန် KIA ဘက်မှ ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကိုသာ အဓိကထား ကိုင်တွယ်သွားမည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက နယ်မြေ ထိန်း ချုပ်မှုများ မြှင့်တင်လာသဖြင့် အဖွဲ့အချင်းချင်းကြား နယ်မြေထိစပ်မှုနှင့် ဂိတ်များအရေးမှာ စစ်ရေး၊ နိုင်ငံရေး အရ အထူးစိတ်ဝင်စားစရာ ဖြစ်နေသော်လည်း လက်ရှိအချိန်အထိ KIO/KIA အား တရားဝင် အကြောင်းကြား ကန့်ကွက်လာမှုမျိုး မရှိသေးဘူးဟု ဆိုသည်။

ဓာတ်ပုံ – KSSM (ပုံဟောင်း) KIA စစ်ဆေးရေးဂိတ်မှ MNDAA တပ်ဖွဲ့သိမ်းယူသွားသည့် စစ်ဆေးရေး ဂိတ်သုံး ပစ္စည်းများ ပြန်လာပို့ပေးနေစဉ်။