ပုသိမ်တွင် စက်သုံးဆီ ပြတ်လပ်လုနီးပါးဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်။ 

ဧရာဝတီတိုင်းမြို့တော် ပုသိမ်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရပြီဟု မြို့ခံများက ပြောသည်။

ပုသိမ်မြို့တွင် စက်သုံးဆီဈေးနှုန်းများ တဟုန်တိုး မြင့်တက်လာကာ ပြင်ပဈေးကွက်၌ ၉၂ တစ်လီတာလျှင် ကျပ် ၅,၅၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေသည့်အပြင် ဝယ်ယူရန် ခက်ခဲမှုများကြောင့် အခြေခံလူတန်းစားများဖြစ်သည့် ကယ်ရီသမားများ၊ လယ်သမားများနှင့် ငါးဖမ်းလုပ်ငန်းရှင်များ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

ပုသိမ်မြို့တွင် မတ်လ ၂၀ ရက်နေ့မှ စတင်ကာ စက်သုံးဆီဆိုင်ကြီးများ၌ ၉၂ တစ်လီတာလျှင် ၃,၆၈၀ ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း အပြင်ဆိုင်များတွင်မူ ၅,၅၀၀ ကျပ်အထိ ဈေးပေါက်နေခြင်းဖြစ်သည်။ ဆီဆိုင်ကြီးများတွင် ဝယ်ယူရာ၌လည်း နာရီဝက်ထက်မနည်း တန်းစီစောင့်ဆိုင်းရသည့်အပြင် ကန့်သတ်ချက်ဖြင့်သာ ရောင်းချပေးနေသဖြင့် အခက်ကြုံနေရကြောင်း ဆီတန်းစီနေသူအချို့က ပြောသည်။

ဆိုင်ကယ်ဖြင့် ဆီတန်းစီခဲ့သူတစ်ဦးက “ဆိုင်မှာ တန်းစီပြီးဝယ်ရတာ တစ်ခါရဖို့ အနည်းဆုံး နာရီဝက်လောက်ကြာတယ်။ နေပူကြီးထဲမှာ ဆိုင်ကယ်တစ်စီးမှ ၅,၀၀၀ ဖိုးပဲ ရောင်းပေးတာ။ စုံတစ်နေ့၊ မတစ်နေ့ဆိုတော့ ၂ ရက်မောင်းဖို့ တစ်လီတာကျော်ကျော်လေးပဲ ရတာပေါ့။ ဒါကလည်း ပေးတာ ပြည့်ဦးမှ” ဟု ပြောသည်။

စက်သုံးဆီရရှိရန် အချိန်ပေးတန်းစီနေရသဖြင့် ကယ်ရီယာဉ်မောင်းများမှာ အငှားလိုက်ရန် အချိန်လျော့နည်းသွားပြီး နေ့စဉ်ဝင်ငွေ ထက်ဝက်ခန့် လျော့ကျသွားကာ စားဝတ်နေရေးအတွက် ပိုမိုကျပ်တည်းလာသည်ဟု ဆိုသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုသည် သယ်ယူပို့ဆောင်ရေးကဏ္ဍသာမက စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုပါ တိုက်ရိုက်ရိုက်ခတ်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းခွင်၌ ရေတင်ရန်အတွက် ဆီဝယ်ယူရခက်ခဲနေမှုအပေါ် လယ်သမားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဆီမရတော့ ရေမတင်နိုင်ဘူး။ အချိန်မီအောင် ရေရဖို့ ဈေးကြီးပေးပြီး ဝယ်ရတယ်။ ဒါတောင် လက်သိပ်ထိုးငွေပေးပြီး ဝယ်ရတာတောင် ခခယယ တောင်းတောင်းပန်ပန်ပေါ့။ ရောင်းပေးတာကိုပဲ ကျေးဇူးတင်ရသေးတယ်။”

ထို့ပြင် ပုသိမ်မြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတစ်ဝိုက်ရှိ ကျေးရွာများတွင်လည်း ဆီဝယ်ယူရန် မရှိသလောက် ရှားပါးနေသဖြင့် ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ မထွက်နိုင်ဘဲ ဖြစ်နေသည်။ ငွေဆောင်ကားလမ်းမကြီးဘေးရှိ သစ်ဖြူကျေးရွာသားတစ်ဦးက ပြင်ပဈေးကွက်တွင် တစ်ဘူးလျှင် ၇,၅၀၀ ကျပ်အထိ ပေးဝယ်နေရသော်လည်း ပစ္စည်းမရှိသည့် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းအတွင်း စားသောက်ကုန်ဈေးနှုန်းများ အားလုံးမြင့်တက်သွားပြီး ကားခ၊ သင်္ဘောခများမှာလည်း နှစ်ဆခန့် ဈေးတက်သွားခဲ့သည်။ 

စက်သုံးဆီလုပ်ငန်းရှင်များ၏ သုံးသပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသ စစ်မီးတောက်လောင်မှု ကြာရှည်နေပါက စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ကာ ဆီပြတ်လတ်မှုအန္တရာယ်နှင့်ပါ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။