နမ့်ခမ်းဒေသခံများ နေရပ်ပြန်နိုင်လောက်သည့် လုံခြုံမှု မရှိသေး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA)တို့ကြား တိုက်ပွဲများ ယာယီ ငြိမ်သက် သွားသော်လည်း နမ့်ခမ်းဒေသခံများ နေရပ်ပြန်ရန် စိုးရိမ်နေဆဲဖြစ်သည်။

ဆေးရုံများနှင့် စာသင်ကျောင်းများ၊ ဌာန ဆိုင်ရာများ အပါအဝင် အရပ်သား အများအပြားမှာ စစ်ရှောင်နေကြပြီး နေရပ် မပြန်ရဲသေးပဲ ရှိနေခြင်း ဖြစ်သည်။ 

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်း တပ် (TNLA) တို့အကြား ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခများမှာ ယနေ့တွင် ယာယီငြိမ်သက်သွားသော် လည်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာမူ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် နေအိမ်များသို့ ပြန်လည်ဝင်ရောက်ရန် ဝန်လေးနေကြကြောင်း ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ကွတ်ခိုင်မြို့ရှိ TNLA တပ်စခန်းများကို MNDAA က အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA က အပြည့်အဝ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။ 

ထိုမှတစ်ဆင့် တိုက်ပွဲများသည် နမ့်ခမ်းမြို့နယ်ဘက်သို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး TNLA ထိန်းချုပ်ထားသော ဗျူဟာ ကုန်းများနှင့် နမ့်ဖတ်ကာလမ်းပိုင်းများကို MNDAA က ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့ပေါ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများသည် ဘေးလွတ်ရာ သို့ ကြိုတင်တိမ်းရှောင်ခဲ့ကြရာ မြို့ပေါ်ရပ်ကွက်အချို့မှာ ယနေ့တိုင် တိတ်ဆိတ် ခြောက်ကပ်နေဆဲ ဖြစ်သည်။ 

နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ဆေးရုံကလူတွေရော၊ ဌာနဆိုင်ရာတွေရော တော်တော်များများ ရွှေ့ကြ တယ်။ ဆိုင်ကယ်တွေ၊ ကားတွေ အများကြီးပဲ။ ဘော်ဒါဆောင်က ကျောင်းတက်တဲ့ ကလေးတွေကိုလည်း မိဘတွေက ရွာဘက်ပိုင်းကို ပြန်ခေါ်သွားကြတာမျိုးတွေ ရှိတယ် ဟု ပြီးခဲ့သည့်ရက်ပိုင်းက မြို့တွင်း အခြေ အနေကို ပြောပြသည်။

သို့သော် မတ်လ ၁၇ ရက်နှင့် ယနေ့ ၁၈ ရက်တို့တွင် တိုက်ပွဲသံများ သိသိသာသာ ငြိမ်သက်သွားခဲ့သည်။ 

လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့မှ တာဝန်ရှိသူများသည် လောက်ကိုင်မြို့၌ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် အပစ်ရပ်စဲရေး သဘောတူညီချက် တစ်စုံတစ်ရာကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါ ဒေသခံအမျိုးသားက တိုက်ပွဲတွေမဖြစ်တော့ဘူး ငြိမ်နေတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ကမှ အတည်တကျ ထုတ်ပြန်ထားတာ မရှိတော့ အခြေအနေကို စောင့်ကြည့်နေရတုန်းပဲ။ အဲ့ဒါကြောင့် ရှောင်သွားတဲ့လူတွေလည်း မြို့ထဲကို တော်ရုံပြန်မဝင်ကြသေးဘူး။ အခြေအနေကို စောင့်ကြည့်ဦးမှာပဲ ဟု ဆိုသည်။

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် နီးကပ်သော နေရာများ၌ လူသူသွားလာမှု အလွန်နည်းပါးနေပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်တန့်လုနီးပါး ဖြစ်နေသည်။ 

နမ့်ခမ်းမြို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အစပ် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော လမ်းဆုံလမ်းခွ ဖြစ်သဖြင့် ယခုစစ်ရေးတင်းမာမှုသည် ကုန်စည်စီးဆင်းမှုကိုပါ ထိခိုက်စေလျက်ရှိသည်။

ဒေသခံပြည်သူများကမူ ညီနောင်မဟာမိတ် အချင်းချင်းကြား ဖြစ်ပေါ်နေသော အကျပ်အတည်းများကို စစ်ရေး နည်း လမ်းထက် တွေ့ဆုံဆွေးနွေးမှုဖြင့်သာ အမြန်ဆုံး အဖြေရှာဖြေရှင်းပေးရန်နှင့် ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်များကို အကာအကွယ်ပေးရန် လိုလားနေကြသည်။