တနင်္သာရီတိုင်းအတွင်း စစ်ရှိန် အမြင့်ဆုံး ဖြစ်လာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။

တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ နှစ်ဘက် ထိုးစစ်များကြောင့် စစ်ရေး အရှိန် အမြင့်ဆုံးသို့ ရောက်နေပြီး စစ်ရှောင် ဦးရေမှာ ၉၀,၀၀၀ လောက်အထိ ဖြစ်လာနေသည်ဟု ဒေသတွင်း အခြေအနေများကို သုတေသန ပြုနေသော FE5 Tanintharyi အဖွဲ့က ပြောသည်။  

စစ်ကော်မရှင်က နယ်မြေစိုးမိုးရေး အတွက် စစ်ကြောင်းများ ထိုးနေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲနေခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းမှ ယခု မတ်လလယ်အထိ တစ်လကျော်ကြာ ရက်ရှည်တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေခဲ့သည်။ 

စစ်ရေးနှင့် ဒေသတွင်း အခြေအနေများကို လေ့လာစောင့်ကြည့်နေသည့် FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန် ချက်အရ ဇန်နဝါရီလတွင် တိုက်ပွဲပေါင်း ၅၈ ကြိမ် ရှိခဲ့သော်လည်း ဖေဖော်ဝါရီလတွင်မူ ၆၆ ကြိမ်အထိ တိုးလာ ကာ မတ်လလယ်အထိ တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ရက်ဆက် ဖြစ်ပွားနေခြင်းဖြစ်သည်။

FE5 Tanintharyi ၏ အယ်ဒီတာတစ်ဦးက ဖေဖော်ဝါရီလထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအများစုက ရက်ရှည်တိုက်ပွဲ တွေ ဖြစ်ပြီးတော့က အဓိကကတော့ စစ်အာဏာရှင် တပ်စခန်းတွေကို သိမ်းပိုက်ဖို့အတွက် တော်လှန်ရေးတပ် တွေက စစ်ရေး ဖော်ဆောင်တာ ရှိတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်တပ်က သူတို့ လက်လွတ်ထားရတဲ့ မောတောင်မြို့လို နေရာကို ပြန်ယူဖို့အတွက် စစ်ကြောင်း တောက်လျှောက်ထိုးနေတာကြောင့် တိုက်ပွဲ အရေ အတွက် တိုးလာတာလို့ ပြောလို့ရတယ်။ တိုက်ပွဲ မဖြစ်တဲ့ရက်က မရှိဘူးလို့ ပြောလို့တောင် ရတယ်ပေါ့နော်ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

အထူးသဖြင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးပေါ်တွင် နှစ်ပေါင်း ၃၀ ကျော် အခြေစိုက်ခဲ့သည့် ဝင်းဝတပ်စခန်းသိမ်းတိုက်ပွဲမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစ၍ တစ်လခန့်ကြာ ဆင်နွှဲခဲ့ ရပြီး မတ်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ 

အဆိုပါ ရက်ရှည်တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းနှင့် လက်နက်ကြီးများကို အများအပြား အသုံးပြုခဲ့သည်။

အထက်ပါအယ်ဒီတာကဝင်းဝစခန်းသိမ်း တိုက်ပွဲဆိုရင် ဖေဖော်ဝါရီလဆန်းကတည်းက စတိုက်ခဲ့တာဆိုတော့ အဲ့ဒီနားဝန်းကျင်က တိုက်ပွဲအပြင်းထန်ဆုံးဒေသလို့ ပြောလို့ရတယ်။ အဲ့ဒီမှာ လေကြောင်းက ဗုံးကြဲတာ၊ လက် နက်ကြီးကြောင့် ပျက်စီးသွားတာတွေ အများကြီးတွေ့ရတယ်။ ပြည်သူဆယ်ချီလည်း ထိခိုက်သေဆုံးခဲ့ရတာ မျိုး ရှိတယ် ဟု ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ စစ်ရေးပြင်းထန်လာမှုနှင့်အတူ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီး သတ် ဖြတ်မှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် တနင်္သာရီတိုင်းအတွင်း ယခင်တစ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေး ရသူ စစ်ဘေးရှောင်ဦးရေမှာ ၉၀,၀၀၀ နီးပါးအထိ ရှိလာခဲ့သည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပါက စစ်ဘေးရှောင်ဦးရေမှာလည်း ထပ်တိုးလာနိုင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ခန့်မှန်းနေကြသည်။

FE5Tarnintharyi ၏ အယ်ဒီတာတစ်ဦးက “စခန်းတွေ နယ်မြေတွေ လက်လွတ်ထားရတဲ့ စစ်အာဏာရှင်တပ်က လာမယ့် ကာလတွေမှာဆိုရင် တန်ပြန်ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်တာတွေ အဲ့တာတွေက ဆက်တိုက်လုပ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ သုံးသပ်ရတယ်ပေါ့နော်။ ဒါကြောင့် ပြည်သူ တွေအနေနဲ့ အရင်ကထက် လုံခြုံရေးသတိရှိရှိနဲ့ လုံခြုံရေးနိုးနိုးကြားကြားနေကြဖို့ ပိုပြီး လိုအပ်လာတဲ့ အနေ အထား ဖြစ်တယ် ဟု ပြောသည်။

လက်ရှိတွင် တောတောင်များအတွင်း တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၉၀,၀၀၀ နီးပါးမှာ လမ်းပန်းဆက် သွယ်ရေး ခက်ခဲမှုနှင့် စက်သုံးဆီပြတ်လတ်မှုများကြောင့် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူနိုင်ခြင်း မရှိဘဲ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

ဖေဖော်ဝါရီတစ်လအတွင်းမှာပင် စစ်ကော်မရှင်တပ်၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲ မှုများကြောင့် တနင်္သာရီတွင် ဒေသခံ ၁၆ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၁၇ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရ သည်ဟု FE5 Tanintharyi အဖွဲ့က ပြောသည်။ 

ထို့ပြင် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံရသူ ၃၂ ဦးရှိခဲ့သည့်အနက် ၉ ဦးမှာ သေဆုံးခဲ့ကြောင်း FE5 Tanintharyi က ဆိုသည်။

ဓာတ်ပုံ – (ပုံဟောင်း) ပြည်သူ့ကာကွယ်ရေး တပ်မတော် – မြိတ်ခရိုင် တပ်ရင်း (၂)