တနင်္သာရီတွင် စစ်ကူ စစ်ကြောင်း မိုင်းဆွဲခံရပြီး ၇ ဦးထက်မနည်း ထိခိုက်သေဆုံး 

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

တနင်္သာရီတွင် စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းကျေးရွာသို့ စစ်ကူပေးရန် ခြေလျင်တက်လာသည့် စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် တနင်္သာရီမြို့မှ သိန်ခွန်းရွာဘက်သို့ ဦးတည်လာသည့် အင်အား ၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ချောင်းနှစ်ပေါက်ကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

မိုင်းဆွဲခံရပြီးနောက် စစ်တပ်ဘက်က ဒရုန်းများ အသုံးပြုကာ ဗုံးသီးချ တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ကြား ထိတွေ့မှု ပြင်းထန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလောလောဆယ် သူတို့ဘက်က ခုနစ်ယောက်လောက် ထိထားတာပဲ ပြောနိုင်သေးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တွေ့ရတယ်။ အတိအကျသိရအောင်တော့ ဆက်ပြီး စုံစမ်းနေ တုန်းပဲ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ် ဟု ပြောသည်။

အဆိုပါ မိုင်းဆွဲခံရသည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တနင်္သာရီမြို့ဘက်မှ သိန်ခွန်း ကျေးရွာဘက်သို့ စစ်ကူဖြည့်တင်းရန် စစ်တပ် လက်အောက်ခံ တပ်သားများ တင်ဆောင်လာသည့် ကား ၄ စီးခန့် တမုတ်ချုံးကျေးရွာကို ဖြတ်သန်းသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ချောင်းပေါက်ရွာသားတစ်ဦးက မိုင်းဆွဲခံရတဲ့နေရာမှာ တော်တော်လေး ပွဲကြမ်းသွားတယ်။ စစ်တပ်ဘက်က အထိနာသွားပုံရတယ်၊ ဒါကြောင့် မြို့ထဲကနေ ကားတွေနဲ့ စစ်ကူတွေ အလျင်အမြန် ထပ်လွှတ်နေတာပေါ့။ ရွာသားတွေကတော့ တိုက်ပွဲတွေ ထပ်ဖြစ်မှာစိုးလို့ အခြေအနေကို စောင့်ကြည့်နေရတယ် ဟု ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြရန် တော်လှန်ရေးအဖွဲ့အစည်းများက နှိုးဆော် သတိပေးထားသည်။