အင်းတော် ထိုးစစ် ပြင်ဆင်မှုကြောင့် ဒေသခံများ ရှောင်တိမ်းနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

အင်းတော်ကို စစ်တပ်က ပြန်လည်စစ်ကြောင်းထိုးရန် ပြင်ဆင်နေမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် အရေးပေါ် ပြင်ဆင်နေကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ကသာမြို့ရှိ ခမရ (၃၀၉) တပ်ရင်းသို့ ရောက်ရှိလာသည့် စစ်တပ်စစ်ကြောင်း သည် အင်းတော်မြို့ဘက်သို့ စစ်ကြောင်းထိုးရန် အသင့်ပြင်နေခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ 

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လအတွင်းက တကောင်းမြို့နှင့် ထီးချိုင့်မြို့တို့ကို စီးနင်းခဲ့သည့် အင်အားများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အင်းတော်ဒေသခံတစ်ဦးက အင်းတော်က ဒေသခံတွေကတော့ အကုန်ပြင်ဆင်ထားကြတာပေါ့။ စစ်ကြောင်း လာပြီဆိုတာနဲ့ ချက်ချင်းပြေးနိုင်အောင် အထုပ်အပိုးတွေ အဆင်သင့်လုပ်ထားကြတယ်။ ဟိုလိုမျိုး အစုလိုက် အပြုံလိုက် ရှောင်တာမျိုးတော့ မရှိသေးပေမယ့် လူတိုင်းကတော့ အရေးပေါ် အခြေအနေအတွက် နိုးနိုးကြား ကြား ရှိနေကြတယ် ဟု လက်ရှိမြေပြင်အခြေအနေကို ရှင်းပြသည်။

စစ်တပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်မည့် အကြောင်း ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် Indaw Revolution (IR) အဖွဲ့ကလည်း ဒေသခံများအား အထူးသတိရှိရန် ထုတ်ပြန်ထားသည်။

IR အဖွဲ့က ဒီရက်ပိုင်းအတွင်း အင်းတော်ကို စစ်ကြောင်းထိုးဖို့ သေချာသလောက်ရှိနေပါတယ်။ တိုက်ပွဲတွေ ဖြစ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်ရှိနိုင်တာမို့ မိဘပြည်သူတွေအနေနဲ့ ဆေး ဝါး၊ ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေကို အသင့်ထုတ်ပိုးထားသင့်ပါတယ် ဟု သတိပေးထားသည်။

အင်းတော်မြို့ကို အမှတ် (၁) စစ်ဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားသည်မှာ ယခုလ ဧပြီ ၇ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

စစ်တပ်အနေဖြင့် စစ်ရေးအရ အရေးပါသည့် အင်းတော်မြို့ကို ပြန်လည်ရရှိရန် ကြိုးပမ်းလာနေခြင်းကြောင့် ဒေသခံတော်လှန်ရေး အင်အားစုများကလည်း မြေပြင်စစ်ရေးနှင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြရန် ဒေသခံများကို နှိုးဆော်ထားသည်။