PNA တပ် ပျော်ပွဲ အတွက် လူထု ထံမှ ငွေကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က တပ်ဖွဲ့ဝင်များ၏ ‘ပျော်ပွဲရွှင်ပွဲ’ အတွက်ဟု ဆိုကာ ဒေသခံများထံမှ ငွေကြေးများ ထပ်မံကောက်ခံနေ ကြောင်း ပြောသည်။

ကျောက်တလုံးကြီးမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများတွင် ယခင်က တစ်နှစ်လျှင် နှစ်ကြိမ် စစ်မှုထမ်းကြေး ကောက်ခံလေ့ရှိသော်လည်း၊ ယခုအခါ ပျော်ပွဲရွှင်ပွဲခေါင်းစဉ်အပြင် အခြားသော ခေါင်းစဉ်မျိုးစုံဖြင့် ပူးတွဲ ကောက်ခံလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ကျေးရွာရှိ အိမ်ထောင်စု တစ်စုလျှင် အနည်းဆုံး ကျပ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပေးဆောင်နေရပြီး နိုင်ငံခြား ရောက်နေသူများအတွက်လည်း ကောက်ခံသည်ဟု ဆိုသည်။

ဒေသတွင်း တောင်သူတစ်ဦးက ထည့်ရတာတော့ အရမ်းမများပါဘူး။ ဒါပေမဲ့ ခဏခဏလာတယ်။ အကြောင်း မျိုးမျိုးပြတယ်လေ။ ဒီဘက်မှာလည်း စိတ်ရှုပ်ရတာပေါ့။ ခြံအလုပ်တစ်ဖက်၊ သူတို့အစည်းအဝေးတွေက တစ်ဖက်နဲ့ မနားရပါဘူး ဟု ပြောသည်။

ပအိုဝ်းဒေသအတွင်း ခြောက်လတစ်ကြိမ် စစ်မှုထမ်းကြေးအဖြစ် ကျပ် ၃ သိန်း ပေးဆောင်ရသည့်အပြင် ယာဉ် ခွန်နှင့် စစ်အသုံးစရိတ် ခေါင်းစဉ်များကြောင့် တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ် ၇ သိန်းခန့်အထိ ကုန်ကျနေ ကြောင်း ဆိုသည်။ 

နိုင်ငံခြားရောက် လူငယ်များမှာမူ နှစ်ဆပေးဆောင်ရသည်ဟု ဒေသခံများက ပြောသည်။

PNA ထံတွင် စစ်မှုထမ်းပြီး နေရပ်ပြန်လာသူတစ်ဦးကလည်း အမျိုးမျိုးကောက်တာပဲ။ အခုနောက်ပိုင်းဆို သူတို့ မီဒီယာသင်တန်းပေးတယ်ပြောတယ်။ တကယ်က ထောက်လှမ်းရေးသင်တန်းပေါ့။ အဲဒါလည်း ငွေထည့် ရတာပဲ၊ လူလည်း လိုက်ရသေးတယ် ဟု ပြောသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းလေးအရှေ့ဘက်ကမ်းတွင်လည်း နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များထံမှ တစ်အိမ်လျှင် ကျပ်တစ်သိန်းစီ ကောက်ခံနေကြောင်း ဆိုသည်။ 

ဒေသခံများအနေဖြင့် စီးပွားရေးကျပ်တည်းနေသော်လည်း ငွေမထည့်ပါက လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်မည် ဟူသော ခြိမ်းခြောက်မှုများကြောင့် အကြွေးချေးငှားကာ ထည့်ဝင်နေရသည့် အခြေအနေသို့ ဆိုက်ရောက်နေ ကြသည်။

လက်ရှိတွင် PNA ၏ လုပ်ရပ်များကြောင့် ပအိုဝ်းကျေးရွာများအတွင်း လူမှုစီးပွားဘဝများ ပိုမိုကျပ်တည်း လာနေပြီး ဒေသခံများမှာ စစ်ရေးဖိအားနှင့် ငွေကြေးဖိအား နှစ်ရပ်ကြားတွင် မြေစာပင်ဖြစ်နေရကြောင်း ဆိုသည်။