ဗိုလ်ကြီးတစ်ဦး လက်နက်ချသည်ဆိုသော သတင်းမဟုတ်မှန်ကြောင်း PNLA ငြင်းဆို 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။ 

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ဗိုလ်ကြီးတစ်ဦး လက်နက်ချကြောင်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ထုတ်ပြန်ချက် မမှန်ကန်ဟု PNLA က ငြင်းဆိုလိုက်သည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် PNLA မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး လက်နက်ချ အလင်းဝင် လာသည်ဆိုသည့် ပအိုဝ်းပြည်သူ့စစ် (PNA) ၏ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်မှုသာဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်မှာ အကျင့် စာရိတ္တပြုပြင်ရန် လက်ခံထားသည့် အရပ်သားတစ်ဦးသာ ဖြစ်ကြောင်း PNLA ဘက်က တုံ့ပြန်လိုက်သည်။

စစ်ကော်မရှင် လက်အောက်ခံ PNA က ၎င်းတို့၏ နယ်မြေရှင်းလင်းရေးအတွင်း PNLA တွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ကြီးသန်းဆိုသူမှာ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့တွင် အခမ်းအနားဖြင့် ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဗိုလ်ကြီးသန်းဆိုသူမှာ ၎င်းတို့ တပ်ဖွဲ့ဝင်မဟုတ်ဘဲ မိသားစုက အကျင့်စာရိတ္တပြုပြင်ရန် လာရောက်အပ်နှံထားသူသာ ဖြစ်ကြောင်း ရှင်းပြသည်။

ကျနော်တို့က သူ့ကို အကျင့်စာရိတ္တ ပြုပြင်ပေးတယ်ပေါ့နော်။ အဲဒါ သူက ပြန်လည်ပြီးတော့ လူကောင်း ပက တိ ဖြစ်တဲ့အခါမှာ သူ့ရွာကို မပြန်တော့ဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်ထဲမှာ နေချင်တယ်ဆိုပြီးတော့မှ ကျနော်တို့က လက်ခံထားတဲ့လူပါ။ အကူသဘောပေါ့လေ၊ အဲဒီ ထမင်းဟင်းချက်ပေးတာတို့ လုပ်ပေးတဲ့လူပေါ့နော်။ အဲဒီ လူမျိုး လုပ်နေရင်းနဲ့ကပဲ သူက ကျနော်တို့ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လက်နက်ကို ခိုးယူပြီးတော့မှ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ သူက ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်အဖြစ်လည်း ကျနော်တို့ လက်မခံရသေးပါဘူး ဟု ခွန်ရိန်းယံက ပြောသည်။

အဆိုပါပုဂ္ဂိုလ်မှာ အရက်ကြောင်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းများကြောင့် မိသားစုက ပို့ဆောင်ထားသူဖြစ်ပြီး တပ်ဖွဲ့ဝင်များ အလစ်ငိုက်တွင် လက်နက်ခိုးယူထွက်ပြေးသွားခြင်းကို PNA ဘက်က ဗိုလ်ကြီးအဆင့်အဖြစ် ပုံဖော်ဝါဒဖြန့်နေခြင်း ဖြစ်သည်ဟု ဆိုသည်။  

ထို့ပြင် PNLA တပ်သား ၁၀၀ ကျော် လက်နက်ချသည်ဆိုသည့် သတင်းများမှာလည်း လုပ်ကြံဖန်တီးမှုများသာ ဖြစ်ကြောင်း ဆိုသည်။

ပအိုဝ်းဒေသအတွင်း PNA ၏ အခုကဲ့သို့ သတင်းမှားဖြန့်နေမှုများသည် ပြီးခဲ့သည့်ရက်ပိုင်းက PNA တပ်သား ၂ ဦးအား PNLA က လူသားချင်းစာနာမှုဖြင့် ကယ်တင်ခဲ့သည့် ဖြစ်စဉ်အပေါ် အငြိုးဖြင့် ပြန်လည်တုံ့ပြန်ခြင်းသာ ဖြစ်သည်ဟု PNLA က ရှုမြင်ထားသည်။

ဒီလိုမျိုး သတင်းအမှားတွေက သူတို့ မကြာခဏ ပအိုဝ်းဘာသာနဲ့ ပအိုဝ်းပြည်သူတွေကြားထဲမှာ လုပ်ကြံ ဖြန့်ချီလေ့ရှိတဲ့ ဝါဒတစ်ခုသာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အတွင်းက တိုက်ပွဲတုန်းက သူတို့ လူသားချင်း စာနာ ထောက်ထားမှုအနေနဲ့ လုပ်ထားတဲ့ ဒေသခံ ၂ ဦးကို ကျနော်တို့ ကယ်တင်ခဲ့တဲ့အပေါ်မှာ သူတို့က တုံ့ပြန်ပြီးတော့ မှ သတင်းအမှားတွေနဲ့ ဝါဒဖြန့်ဖို့ လုပ်ဆောင်နေတဲ့ဟာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

လက်ရှိတွင် စစ်ကော်မရှင်နှင့် PNA ပူးပေါင်းအဖွဲ့များသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်၍ PNLA ဌာနချုပ်ရှိရာ ကဒူးကြီးဒေသသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် လျက်ရှိ သည်။ 

စစ်ရေးတင်းမာမှုများ ရှိနေသည့်ကြားမှ ပအိုဝ်းဒေသအတွင်း PNA ၏ တပ်သားသစ်စုဆောင်းမှုနှင့် စစ်အသုံး စရိတ်ကောက်ခံမှုများမှာလည်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ရှိနေသဖြင့် ဒေသခံပြည်သူများမှာ နှစ်ဖက်ညှပ်၍ ဒုက္ခရောက်နေကြရသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။