အစာ စိန်ခေါ်မှု နောက်ကျမှ လိမ်နေကြောင်းသိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
ဘန်ကောက်မြို့က နာမည်ကြီး ကာရီထမင်းဆိုင်တစ်ခုဖြစ်တဲ့ Gold Curry Bangkok ဟာ သူတို့ရဲ့ အစားအသောက်စိန်ခေါ်ပွဲမှာ လူလိမ်နဲ့ တိုးသွားတဲ့အကြောင်းကို လူမှုကွန်ရက်မှာ ဖွင့်ဟလိုက်ပါတယ်။
သူတို့ ထမင်းဆိုင်ဟာ ကြော်ငြာ အနေနဲ့ အစား စိန်ခေါ်မှု တစ်ခုကို လုပ်ထားပါတယ်။ ထမင်းနဲ့ ဟင်း ၈ ကီလိုဂရမ်ကို ၄၅ မိနစ် အတွင်း စားနိုင်ရင် ဆုကြေး ဘတ်ငွေ ၂၀,၀၀၀ နဲ့ အဲဒီထက်နည်းတဲ့ ၆ ကီလို ဂရမ် စားနိုင်ရင် ဆုကြေးငွေ ၁၀,၀၀၀ ပေးမယ်လို့ ကြေညာထားခဲ့တာပါ။
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ နိုင်ငံခြားသား တစ်ယောက်ဟာ အချိန် မပြည့်ခင် ၅ မိနစ်အလိုမှာပဲ ထမင်းအားလုံးကို ပြောင်စင်အောင် စားပြသွားခဲ့တာကြောင့် ဆိုင်ကလည်း “၁၀ မှတ်မှာ ၁၀ မှတ်ပေးတယ်၊ တကယ့်ကို ထူးချွန်တဲ့ စွမ်းဆောင်ရည်ပဲ” ဆိုပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး၊ သူဟာ အရင်ကလည်း ၆ ကီလိုဂရမ် စိန်ခေါ်မှုကို အောင်မြင်ထားတာကြောင့် ဆုကြေးငွေ စုစုပေါင်း ဘတ် ၃၀,၀၀၀ (မြန်မာငွေ သိန်း ၄၀ နီးပါးလောက်) ကို ရရှိပြီး ပျော်ပျော်ပါးပါး ပြန်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီအောင်ပွဲဟာ ၆ ရက်ပဲ ခံခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ဆိုင်က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာတော့ အမှန်တရားကို တွေ့လိုက်ရပါတယ်။
ဒီလူဟာ ထမင်းတွေကို စားနေရင်း ဝန်ထမ်းတွေ အမှတ်မထင်ဖြစ်နေတဲ့အချိန်မှာ ထမင်းလုံးတွေကို သူ့ရဲ့ အဝတ်အစား အိတ်ကပ်တွေထဲကို ခိုးပြီး ထည့်နေခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ဝန်ထမ်းတွေဟာ ပြိုင်ပွဲကာလတစ်လျှောက် အနီးကပ်စောင့်ကြည့်လေ့ရှိပေမဲ့ ဒီလူရဲ့ လက်သွက်မှုကြောင့် နှစ်ကြိမ်စလုံး (၆ ကီလိုဂရမ်ရော ၈ ကီလိုဂရမ်ပါ) အလိမ်ခံလိုက်ရတာပါ။
လက်ရှိမှာတော့ အဲဒီ နိုင်ငံခြားသားဟာ ဆုကြေးငွေ ဘတ် ၃၀,၀၀၀ ကို ယူဆောင်ပြီး ပျောက်ကွယ်သွားပြီဖြစ်သလို ဆိုင်ကိုလည်း ငွေပြန်လာမပေးတော့ပါဘူး။