၁၂ မိုင်တစ်ဂိတ်နှုန်းဖြင့် ငွေညှစ်ခံနေရ၍ ရှမ်းပြည်ခရီးသည်များ စိတ်ပျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ရှမ်းပြည်အတွင်း စစ်ဆေးရေးဂိတ်အချို့ ဖျက်သိမ်းလိုက်သော်လည်း ကျန်ရှိနေသည့် ဂိတ်ပေါင်း ၁၃ ခုက ဆက် လက် ငွေတောင်းခံနေဆဲ ဖြစ်သည်။
ထို့ကြောင့် လမ်းခရီးနှောင့်နှေးကြန့်ကြာမှုများနှင့်အတူ ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။
ရှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်ရှိ ဂိတ် ၂၀ ကျော်အနက် တောင်ကြီး ၈ မိုင်ဂိတ်၊ ပင်လုံမြို့ဝင်ဂိတ်၊ နောင်လိုင်ဂိတ်နှင့် မိုင်းနောင်-လဲချားဂိတ် စသည့် အဓိက ဂိတ် ၄ ခုကို စစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအရ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် တောင်ကြီးမြို့အထိ သွားလာရာ၌ ပျမ်းမျှ ၁၂ မိုင်လျှင် တစ်ဂိတ်နှုန်းဖြင့် စစ်ဆေးမှု များ ရှိနေဆဲဖြစ်သည်။
ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက “စိတ်ရှုပ်စရာ နည်းနည်းလေးတော့ လျော့သွားပြီ ပြောလို့ရမယ်။ ကျန်တဲ့ ဝါးတားဂိတ် ဘာညာတွေတော့ တောင်းနေတုန်း။ စစ်တပ်ဂိတ်၊ ရှမ်းတပ်ဂိတ်၊ PNO ဂိတ် အစုံပလုံပဲ။ စစ်ဆေး ရေးလုပ်တာ အကြောင်းပြပြီး သက်သက်ပိုက်ဆံညှစ်နေတာ။ အားလုံးကုန်မှ နားအေးမှာ” ဟု ပြောသည်။
၎င်းပြင် ဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း၊ ခရီးသည်များကို လမ်းဆင်းလျှောက်ခိုင်းခြင်း၊ တားမြစ် ကုန်စည်အကြောင်းပြချက်ဖြင့် ပစ္စည်းများသိမ်းယူခြင်းနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးကာ ငွေညှစ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။
လဲချားမြို့မှ တောင်ကြီးမြို့သို့ အပတ်စဉ် သွားလာနေသည့် ကုန်သည်တစ်ဦးကလည်း “မလိုအပ်တဲ့ ဂိတ်တွေ ဖျက်သင့်တာတော့ ကြာပါပြီ။ ဘာမှမထူးပါဘူး။ ပိုက်ဆံပဲ တောင်းနေတာ။ မိနစ် ၂၀ လောက်ကြာရင် ‘ဝူး’ ဆိုရပ်ရပြီ။ ဒါဂိတ်တိုင်းနော်။ ဘယ်လောက် စိတ်အနှောင့်အယှက် ဖြစ်မလဲသာ တွေးကြည့်တော့။ ဒီကြားထဲ ဒီကောင်တွေ (စစ်ကော်မရှင်) ကျွဲဂိမ်းရှုံးနေရင် ပိုက်ဆံက ပိုတောင်းသေးတာ” ဟု ပြောသည်။
လက်ရှိ အချိန်အထိ ငွေကြေးကောက်ခံမှုများ ရှိနေဆဲဖြစ်သည့် ဂိတ်များမှာ တောင်ကြီး ၄ မိုင် ပူးပေါင်းဂိတ်၊ လွိုင်လင်တံတားဂိတ်၊ လွိုင်လင်မူးယစ်ပူးပေါင်းဂိတ်၊ ပင်လုံမြို့တွင်းဂိတ်၊ လဲချားမြို့ဝင်ဂိတ်၊ လဲချားမြို့ထွက် တံတားဂိတ်၊ မိုင်းနန်းရွာဂိတ်၊ မန်ကတ်သင်တန်းကျောင်းဂိတ်၊ ကောင်းလန်းဂိတ်၊ ကောင်းလမ်း တောင်/မြောက် တံတားဂိတ်၊ မိုင်းရယ်မီးသတ်ဂိတ်နှင့် လားရှိုးမြို့ဝင်ဂိတ်တို့ ဖြစ်ကြသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် စစ်တပ်များအပြင် ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/တပ်မတော် (SSPP/SSA) တို့လည်း ပူးပေါင်းပါဝင်နေပြီး ယာဉ်လိုင်းများ အပေါ် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေခြင်း ဖြစ်သောကြောင့် မလိုအပ်သည့် ဂိတ်များအားလုံးကို ထပ်မံဖျက်သိမ်းပေးရန် ခရီးသွားများနှင့် ယာဉ်မောင်းများက လိုလားနေကြသည်။
ဓါတ်ပုံ – (ပုံဟောင်း) ကျောက်တန်းလမ်းပေါ်ရှိ PNA ဂိတ်