NCA Plus လုပ်ငန်းစဉ်အဖြစ် စစ်တပ်က SSPP ကို နေပြည်တော်တွင် တွေ့ဆုံ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ‘NCA Plus’ ဟုခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ် လျာထားမှု အခြေအနေများကို အဓိကထား၍ စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲကို စစ်တပ်၏ ကြိုတင်ကန့်သတ်ချက်မထားဘဲ ဖိတ်ခေါ်ချက်အရ အမျိုးသား စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် SSPP ကိုယ်စားလှယ်အဖွဲ့တို့အကြား နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ယမန်နေ့ (ဇွန်လ ၁၂ ရက်) က ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်တပ်ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် SSPP ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်တို့ ဦးဆောင်တက်ရောက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ ကြကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “NCA Plus ကဲ့သို့ အကောင် အထည်ဖော်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက် သည့် ကိစ္စများအား ဆောင်ရွက်မှုမရှိစေရေး ကာကွယ်စောင့်ကြည့်သည့် လုပ်ငန်းများအား ယန္တရားတည် ဆောက်၍ ဆောင်ရွက်ထားရန်လိုပြီး အစိုးရမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် စဉ်ဆက်မပြတ် ထိတွေ့လိုကြောင်း၊ SSPP အဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်းဟု ပြောသည်။

စစ်တပ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို NCA လမ်းကြောင်းအတိုင်းသွားမည်ဟု ပြောဆိုထားရာ NCA လုပ်ငန်းစဉ်တွင် ပါဝင်မှု မရှိ‌သော SSPP ကို NCA Plus လုပ်ငန်းစဉ်ဟု ဆိုတာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က “ငြိမ်းချမ်းရေး သည် အမှန်တကယ်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အမြဲ တောင်းဆိုခဲ့ကြောင်း၊ ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အတိတ်က သင် ခန်းစာများ ကိုယူပြီး ယုံကြည်မှုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆို ခဲ့သည်ဟု စစ်အုပ်စု ဘက်က ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

နှစ်ဖက်တွေ့ဆုံမှုအတွင်း တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသော ပြည်ထောင်စု ပေါ်ထွန်းရေး၊ အပစ်အခတ်ရပ်စဲမှု အခြေအနေကို လေ့လာစောင့်ကြည့်ရေးတို့ အပြင်၊ ဒေသတွင်း မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများ၊ နယ်မြေကျော်လွန်ခြင်း ကိစ္စရပ် များကို ချက်ချင်းဖြေရှင်းနိုင်မည့် ‘အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့တစ်ရပ်’ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ကိုပါ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

စစ်တပ်၏ ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့ ၇ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ယခင်မူဝါဒဟောင်းများအတိုင်း မသွားရန် လိုအပ် ကြောင်း ထောက်ပြထားသည်။

လွန်ခဲ့တဲ့ ၅ နှစ်ကတော့ တော်တော်လေး ကျပ်ကျပ်တည်းတည်းနဲ့ ဆွေးနွေးပွဲကို ရွေ့လာခဲ့တာကိုး၊ နောက်ပြီး တော့ ကျယ်ကျယ်ပြန့်ပြန့်လည်း မဖြစ်ဘူး။ ဒီတစ်ခါတော့ ဆွေးနွေးပွဲတွေက ကျယ်ကျယ်ပြန့်ပြန့်နဲ့ တစ်ခါ တည်း လွတ်လပ်ပြီးတော့ ကြိုတင်စည်းကမ်းချက်တွေ မပါဘဲနဲ့ ဆွေးနွေးလို့ရအောင်ဆိုပြီးတော့ ကြေညာ ထားတာတွေ့တော့ အဲဒီအတိုင်း တကယ့် စိတ်ရာကိုယ်ပါ၊ သဘောထားကြီးနဲ့ လက်တွေ့ လုပ်ဆောင်ပေးဖို့ လိုတယ်။ ပိုမိုပျော့ ပျောင်းတဲ့ ပေါ်လစီတွေနဲ့ အလုပ်စသင့်ပါတယ်။” 

အလားတူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွှန့် ကလည်း တိုင်းရင်း သား အဖွဲ့အစည်းများအကြား ပထဝီနှင့် သမိုင်းနောက်ခံ မတူညီမှုများကြောင့် စဉ်းစားချက် ကွဲလွဲမှုများ ရှိနိုင် သော်လည်း ထိုသို့ ကွဲလွဲခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ပကတိအရှိတရားသာ ဖြစ်ကြောင်း ပြောသည်။

အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကလည်းပဲ သက်ဆိုင်ရာ ပထဝီ နယ်မြေအနေအထားလည်း မတူညီကြဘူး။ သမိုင်း နောက်ခံလည်း မတူကြတဲ့အပေါ်မှာ အဲလိုမျိုး စဉ်းစားချက်တွေ ကွဲလွဲမှုတွေကတော့ ရှိကောင်းရှိနေနိုင်ပါ တယ်။ ဒါတွေကတော့ ကျနော့်အနေနဲ့ကတော့ စိတ်ပျက်စရာလို့တော့ မမြင်ဘူး။ လက်ရှိ ပကတိရှိနေတဲ့ နိုင်ငံရေး အခင်းအကျဉ်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရှိတရားအပေါ်မှာ ကျနော်တို့ လက်ခံပေးနိုင်အောင် ဦးစားပေး စဉ်းစားတာတွေ ပိုပြီးလက်တွေ့ကျမယ်လို့ ထင်ပါတယ်။

စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) သည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့ကလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်မတီ (RCSS) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ သေးသည်။

ထို့ပြင် စစ်တပ်ဘက်က ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလားအဖွဲ့တို့ကိုပါ ဆွေးနွေးရန်အတွက် တရားဝင် ထပ်မံဖိတ်ခေါ်ထားသည်။

ယခု တွေ့ဆုံခဲ့သည့် SSPP/SSA အပါအဝင် UWSA နှင့် NDAA တပ်ဖွဲ့တို့သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) အဆင့်သာ လက်မှတ်ရေးထိုးထားကြပြီး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များဖြစ်ကြ သည်။