လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူ စစ်သုံ့ပန်းများအား ကရင်နီပြည် ရဲတပ်ဖွဲ့က တရားစွဲဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးအား ကရင်နီပြည် ရဲတပ်ဖွဲ့  (KSP) က တရားစွဲဆိုလိုက်ပြီဟု တာဝန်ရှိသူများက ပြောသည်။

ဆောင်းပြောင်းကျေးရွာ တိုက်ပွဲတွင် ဖမ်းဆီးမိခဲ့သူ ၆ ဦးမှာ လူနေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ အရပ်သား များအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းနှင့် အခြားသော အကြမ်းဖက်မှုများအား ကျူးလွန်ခဲ့ကြပြီး လက်ရှိတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က ဖြင့် ရုံးထုတ် စစ်ဆေးနေသည်ဟု တရားသူကြီး ဦးစောဒေးက ရှင်းပြသည်။

KSP ဒုရဲချုပ် ၂ ကိုဘိုဘိုက အဲလိုမျိုးတွေ (မုဒိမ်း) ပေါ်တာတော့ မကြားသေးဘူး။ အခုလောလောဆယ်တော့ ၅၀ (က)နဲ့ ကိုက်တဲ့ဟာတွေပဲ စစ်ချက်ရသေးတယ်။ တကယ်လို့ အရင်ကျူးလွန်ခဲ့တဲ့ အမှုတွေရော ထပ်ပေါင်း မယ် ဆိုရင်တော့ နောက်ထပ် ပုဒ်မတွေလည်း ထပ်တိုးမှာပေါ့နော်။ အဲ့လိုမျိုးက စစ်ဆေးနေတုန်းဆိုတော့ ပြော ရခက် သေးတယ် ဟု ပြောသည်။

စစ်သုံ့ပန်းများအား ပြီးခဲ့သည့် ဇူလိုင်လတွင်း ဖြစ်ပွားခဲ့သည့် ဖယ်ခုံမြို့နယ် တိုက်ပွဲများ၌ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ဝင် တစ်ဦး ပါဝင်ပြီး ၎င်းတို့ ၆ ဦး အနက် ၃ ဦးမှာ စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေနှင့် ကျေးရွာများမှ PNA က အဓမ္မစုဆောင်းခဲ့ခြင်း ဖြစ် သည်။

ဖမ်းမိထားသည့် စစ်သုံ့ပန်း ၆ ဦးမှာ စစ်ကောင်စီတပ်က စိုင်းသူအောင် (၅၅၃ – ခြေမြန်တပ်ရင်း)၊ အောင်မြင့် ကျော် (ဒသရ – ၆၀၄ တပ်ရင်း)၊ မျိုးမင်းသူ (အစရ – ၉၀၃)၊ တင်ထွန်းဦး (အမှတ် – ၄ အခြေခံစစ်ရေး လေ့ကျင့် ရေးကျောင်း)၊ မြမင်းသိန်း (ပင်လောင်းမြို့ အခြေခံစစ်သင်တန်း) နှင့် PNA တပ်ရင်း ၇ မှ တပ်သား ပန်းလှတို့ ဖြစ်ကြသည်။

ကိုဘိုဘိုက ကျနော့်ဆီလာအပ်တာတော့ အများကြီး ရှိတယ်ဗျာ့။ ဒီ ၆ ဦးအပြင် ရှေ့မှာ ၂၀၂၄ ဧပြီလလောက် မှာ လက်နက်ချတဲ့ဟာတွေ ပါတယ်ပေါ့နော်။ ကြားထဲမှာလည်း တစ်ယောက် ၂ ယောက်ပါတယ်ပေါ့နော်။ အခု လူအများအပြား ဖမ်းမိတဲ့ ဖားဆောင်းတိုက်ပွဲ ၅၆ ယောက်လည်း KSP မှာပဲ။ အခုတရားစွဲတင်ထားတယ် ဟု ဆက် ပြောသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၆ ဦးမှာ ဒဏ်ရာရထားသည် ဖြစ်ရာ နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ကာ KSP က ကုသပေးလျက်ရှိပြီး ရုံးချိန်းပြီးသည့် အချိန်ထိ အမှုစစ်ဆေး၍ စီရင်ချက်ချသွားမည်ဟု ဆိုသည်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလအတွင်း KSP မှ ရဲစခန်း ၁၄ ခုနှင့် ရဲကင်း ၁၇ ခု ဖွင့်လှစ် ထားနိုင်ခဲ့ပြီး အမှုပေါင်း ၄၃၉ မှုအထိ တရားစွဲဆိုနိုင်ခဲ့သည်ဟု ၎င်းတို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။