စစ်သုံ့ပန်း စခန်း ဗုံးကြဲမှုတွင် ကလေးနှင့် အမျိုးသမီးများ အပါအဝင် ၂၁ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းစခန်းအား စစ်ကော်မရှင်တပ်မှာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုထဲ ကလေးနှင့် အမျိုးသမီးများ အပါအဝင် ၂၁ ဦး သေဆုံးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အာရက္ခတပ်တော် (AA) က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များရှိရာ အကျဉ်းစခန်း တစ်ခုကို ဇန္နဝါရီလ ၂၀ ရက် ညက စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များနှင့် အမျိုးသမီး များ အပါအဝင် ၂၁ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

မြေပြင်အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦးက ဗုံးက ည ဘက်ကြီး အဆောင်တွေပေါ် တည့်တည့်ကျတာ။ အသံက တော်တော်ကျယ်တယ်လို့ ပြောတယ်။ အဆောင်ထဲ မှာက ကလေးတွေနဲ့ မိန်းမတွေပဲ ရှိတာလေ။ ကိုယ့်တပ်ကလူတွေ ကိုယ်တိုင် ပြန်ဗုံးကြဲခံရတာဆိုတော့ တော် တော်လေးကို စိတ်မကောင်းစရာပဲ ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၇ နာရီခွဲအချိန်ခန့်တွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနီးမှ အကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါဗုံးများသည် စစ်သုံ့ပန်းများရှိရာ အဆောင်နှင့် ဆေးကုသပေးနေသည့် ဆေးခန်းပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း သေဆုံးသူများမှာ ၂၀၂၄ ခုနှစ်အတွင်းက ကျောက်တော်နှင့် ပုဏ္ဏားကျွန်း တိုက်ပွဲများ၌ AA ထံ လက်နက်ချအလင်းဝင်ခဲ့သည့် အမတ (၃၇၇) နှင့် ခမရ (၅၃၉) တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဖြစ်ကြသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အာရက္ခတပ်တော်က ဆေးကုသမှုပေးလျက်ရှိသော်လည်း ညအချိန် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် အကျဉ်းသားများနှင့် မိသားစုဝင်များမှာ ထိတ်လန့်နေကြဆဲဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

စစ်သုံ့ပန်းမိသားစုဝင် အမျိုးသမီးတစ်ဦးက တစ်ခါတစ်လေကျရင်တော့ စိတ်နာချင်တယ်ပေါ့နော်။ အစ်မတို့ တတ်နိုင်သလောက်လည်း သူတို့အတွက် ပေးဆပ်ခဲ့ပြီးပြီပေါ့နော်။ ညီမတို့ကို သူတို့က မကယ်ထုတ်ချင်တာ လား။ သူတို့ဒီလို လေကြောင်း တိုက်ခိုက်မှုကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲတော့ ညီမတို့ မသိဘူးပေါ့နော်။ သူတို့ အဲ့လိုမျိုး လုပ်ချင်တယ်ဆိုရင် ညီမတို့ဆီမှာတော့ လူမမယ်ကလေးတွေ အများကြီးလည်း ပါသေးတယ် လေ။ ဒီကလေးတွေရဲ့ ရှေ့ရေးလည်း ရှိသေးတယ် ဟု One Nation News ကို ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရသူများနှင့်ပတ်သက်၍ AA က ထုတ်ပြန်ရာတွင် ၎င်းတို့သည် မကြာခင်ကာလအတွင်း ပြန်လည်လွှတ်ပေးရန် စီစဉ်ထားသူများဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ် အနေဖြင့် ပြန်လည်လွှတ်ပေးရန် စီစဉ်နေသည့် စစ်သုံ့ပန်းမိသားစုဝင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးမဟုတ်ပေ။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဖျားကျေးရွာတွင် ပြန်လွှတ် ပေးရန် ပြင်ဆင်နေသည့် စစ်သုံ့ပန်းမိသားစုဝင်များ နေထိုင်ရာနေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ် ၂၈ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးသည်။

DMG သတင်းဌာန၏ ဖော်ပြချက်အရ ရခိုင်ပြည်အတွင်း နယ်မြေအများစုကို လက်လွှတ်ထားရသည့် စစ်ကော်မရှင်သည် AA ထိန်းချုပ်နယ်မြေရှိ အကျဉ်းစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ ယခုအကြိမ် အပါအဝင် ၄ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။ 

ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း ရခိုင်ရှိ သုံ့ပန်းစခန်း ၄ ခုထက်မနည်း တိုက်ခိုက်ခံရမှုကြောင့် စုစုပေါင်း သေဆုံး သူ ၁၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။

ဓါတ်ပုံ – အာရက္ခမင်းသမီး မီဒီယာ/ONN-One Nation News