ကျောက်တော်တွင် စစ်အုပ်စုက ဗုံးကြဲ၍ အရပ်သား ၃၃ ဦးထက်မနည်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူစည်ကားရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် အရပ်သားပြည်သူ ၃၃ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးကာ ၃၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်နှင့် ၁၂ နာရီ ၁၄ မိနစ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ် ၁ စီးက မြို့ပေါ်ရှိ လူစည်ကားရာ နေရာများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် (AA) နှင့် ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

အခင်းဖြစ်ပွားရာ မြေပြင်တွင် ကူညီပေးနေသည့် ကျောက်တော်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ဈေးထဲကို လာကြဲတာပါ။ စုထားတဲ့ အလောင်းတင် ၃၂ လောင်းလောက် ရှိပြီ။ မီးလောင်နေတဲ့ နေရာတွေမှာရော၊ လမ်းမ ပေါ်မှာပါ ထပ်တွေ့နေရတုန်းဆိုတော့ သေဆုံးသူ အရေအတွက်က ၄၀ နီးပါးအထိ တိုးလာနိုင်တယ်။ ဈေးသည် တွေနဲ့ လမ်းသွားလမ်းလာတွေ တော်တော်များများ ပါသွားတာ” ဟု ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကစ္ဆပနဒီတံတားပေါ်တွင် သွားလာနေသည့် ပြည်သူများ ထိခိုက် သေဆုံးခဲ့သည့်အပြင် တံတားအဆောက်အအုံလည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် အိန္ဒိယဈေးကြီးအတွင်း ရပ်နားထားသည့် ပြည်သူများ၏ သုံးဘီးတုတ်တုတ်များ၊ ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် ထော်လာဂျီများလည်း မီးလောင်ပျက်စီးခဲ့သည်။

ယခုဖြစ်စဉ်သည် မြောက်ဦး ပြည်သူ့ဆေးရုံကြီး လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် နောက်ပိုင်း ရခိုင်ဒေသ အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးနှင့် အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။

အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောနှင့် လင်းသာကျေးရွာ ဝန်းကျင်သို့ စစ်အုပ်စု၏ ဂျက်တိုက်လေယာဉ် ၁ စီးက ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

သံတွဲဒေသခံတစ်ဦးက “ပထမတစ်လုံးက ၁၂ နာရီခွဲလောက်မှာ ပစ်သံကြားရတယ်။ နောက်မိနစ်ပိုင်းမှာပဲ နောက် တစ်လုံး ထပ်ကြဲတာ။ ဂျိတ္တောနဲ့ လင်းသာဘက်မှာ ဗုံးကျတာလို့ သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ ကိုတော့ အသေးစိတ် စုံစမ်းနေတုန်းပဲ” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက် အတွင်း စစ်အုပ်စုတပ်က ရခိုင်ဒေသအတွင်း လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၂၂ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၅ လုံး ပျက်စီးခဲ့သည်။

ယခု ကျောက်တော်နှင့် ငပလီ လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ထိခိုက် သေဆုံးမှု အသေးစိတ် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု AA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးထားသည်။