နာမကျန်းအကျဉ်းသား ၈၀ ခန့် ပြင်ပဆေးရုံကုသခွင့် ပိတ်ပင်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အရေးပေါ် ပြင်ပဆေးရုံကုသမှု လိုအပ်နေသည့် အကျဉ်းသား ၈၀ ခန့်သည် ဆေးကုသခွင့် ငြင်းပယ်ခံထားရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

PPNM ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ထောင်အတွင်းလာရောက်စစ်ဆေးစဉ် အဆိုပါ အကျဉ်းသား ၈၀ ခန့်မှာ ပြင်ပဆေးရုံသို့တက်ရောက်၍ အရေးပေါ်ကုသမှုခံယူရန် လိုအပ်ကြောင်း အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

သို့သော်လည်း လက်ရှိအချိန်အထိ ၉ ဦးသာ ပြင်ပဆေးရုံတက်ခွင့်ရရှိခဲ့ပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်သည်ဟု ဆိုသည်။

PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက “ဒီကလေးအကျဉ်းထောင်မှာက လက်ရှိအချိန်အထိ အရေးပေါ် ပေါ့နော် ကျန်းမာရေးကုသမှု ပြီးမှ ဆေးရုံကို ပို့ဖို့အတွက် လိုအပ်နေတဲ့သူတွေက အကျဉ်းသား ၈၀ လောက်ကို ရှိနေပါသေးတယ်။ ဒါကလည်း ပြည်သူ့ဆေးရုံကြီးကပေါ့နော။ အထူးကုဆရာဝန်တွေ ကိုယ်တိုင်ပေါ့နော်။ အတည်ပြုသွားခဲ့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအထဲထဲမှာရှိကြတဲ့ ကလေးအကျဉ်းထောင်တွေမှာ ရှိကြတဲ့ အကျဉ်းသားတွေ အပါအဝင် ဒီနိုင်ငံရေးအကျဉ်းသားတွေရောပေါ့နော်။ ဆိုးရွားတဲ့ အသက်အန္တရာယ် ကို ရင်ဆိုင်နေရတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

နာမကျန်းအကျဉ်းသားများ ပြင်ပဆေးရုံတက်ရောက်ခွင့်ရရှိရန် ထောင်ပိုင်၊ ဒု-ထောင်ပိုင်နှင့် ထောင်ဆေးရုံအုပ် စသည့် အဆင့်ဆင့်သော အာဏာပိုင်များကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ လာဘ်ငွေပေးဆောင်နေရ ကြောင်း PPNM က ဆိုသည်။

ငွေကြေးတတ်နိုင်သည့် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူအချို့မှာ ရောဂါမရှိဘဲ လာဘ်ငွေပေး၍ ပြင်ပဆေးရုံ တွင် သွားရောက်နေထိုင်ခွင့်ရရှိနေသော်လည်း ငွေကြေးမတတ်နိုင်သည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ဆေး ကုသခွင့်မရဘဲ နှစ်နှင့်ချီ၍ စောင့်ဆိုင်းနေကြရသည်။

မရောင်နီလင်းက ဆက်လက်၍ “ဒီလိုမျိုး ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာဟာ ဆေးရုံ ထောင်ဆေးရုံ ကနေမှတစ်ဆင့် ပြင်ပဆေးရုံကို ပေါ့နော်။ ကုသခွင့်မပေးတာတွေက ဒီလိုမျိုးတွေကြောင့် သေဆုံးတယ်ဆိုလို့ ရှိရင်တော့ အဆင့်ဆင့်အတိုင်းပေါ့နော် တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ထောင်ဝန်ထမ်းတွေကမှ စလို့ သက်ဆိုင်ရာ ညွှန်မှူးတွေအထိ ဒီလိုကျဆုံးမှုတွေမှာ တာဝန်အပြည့်ရှိပါတယ်။ ဒီလိုမျိုးလေ ကျန်းမာရေးအရ ပြင်ပဆေးရုံကို သွားချင်တယ်။ သို့မဟုတ် ထောင်ဆေးရုံတက်ချင်တယ်ဆိုလို့ရှိရင် ဘယ်လောက်ကနေ ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်” ဟု ပြောသည်။

ကလေးထောင်အတွင်း ဆေးဝါးနှင့် ကုသရေးအထောက်အကူပြုပစ္စည်းများ ကင်းမဲ့နေပြီး အကျဉ်းသား ၁,၀၀၀ ခန့်အတွက် တစ်လလျှင် ဆေးဝါးဘတ်ဂျက် ကျပ် ၁၀ သိန်းခန့်သာ ခွဲဝေထားသဖြင့် ပါရာစီတမောကဲ့သို့ အခြေခံဆေးဝါးများသာရှိပြီး အောက်ဆီဂျင်နှင့် အခြားအထောက်အကူပြုပစ္စည်းများ လုံးဝမရှိသလောက် နည်းပါးနေသည်။

နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားနေရသူများ၏ ဆေးကုသစရိတ်နှင့် ဆေးဝါး ဝယ်ယူစရိတ်များကို မိသားစုများကသာ စိုက်ထုတ်ပေးနေရသည်။

ထို့ပြင် နယ်ဝေးမှ ပြောင်းရွှေ့လာရသည့် နိုင်ငံရေးအကျဉ်းသားအချို့မှာ မိသားစုနှင့် အဆက်အသွယ်ပြတ် တောက် နေသဖြင့် ပြင်ပဆေးရုံတက်ရောက်ခွင့်ရရှိလျှင်ပင် စားသောက်စရိတ်နှင့် ဆေးဝါးစရိတ်များအတွက် ပိုမိုကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း PPNM က ဆိုသည်။