မြောင်းမြထောင်တွင် နိုင်ကျဉ်းသာမက ရာဇဝတ်သားများပါ ငွေညှစ်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများသာမက ရာဇဝတ် အကျဉ်းသားများကိုပါ ရိုက်နှက်အကြမ်းဖက်မှုနှင့် ငွေညှစ်တောင်းခံမှုများ လုပ်နေသည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်သည်။
အကျဉ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် လုပ်ရပ်များအထိ ပါဝင်နေပြီး၊ ဒုထောင်ပိုင် အပါအဝင် ထောင်ဝန်ထမ်းအချို့သည် အရက်သေစာ သောက်စားမူးယစ်ကာ အကျဉ်းသားများကို လေးခွများ ဖြင့် ပစ်ခတ်မှုများပါ ပြုလုပ်နေကြောင်း ထောင်နှင့်နီးစပ်သူများက ပြောသည်။
PPNM ပြောရေးဆိုခွင့်ရှိသူ မလင်း က “ဘယ်လို ပြောလို့ရလဲ ဆိုလို့ရှိရင် အပြင်ဘက်ကနေမှ လေးဂွနဲ့ ပစ်တာ ဆိုလို့ရှိရင် အထဲထဲတွေရော ထိတယ် ပေါ့နော်။ အဲ့ဒီအိပ်ဆောင်တွင်းထဲမှာ ဒီ အကျဉ်းသား၊ နိုင်ငံရေး အကျဉ်း သားရယ်လို့ မကွဲတော့ဘဲနဲ့ အပြင်ကနေမှ ဟို ပစ်တဲ့ပုံစံမျိုးဆိုတော့လေ။ တခြားအကျဉ်းသားတွေလည်း ရိုက် နှက်ခံနေရတာမျိုးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
PPNM ၏ ထုတ်ပြန်ချက်အရ မြောင်းမြထောင်တွင် ထောင်ဝန်ထမ်းများဖြစ်သော တပ်ကြပ်ကြီး ဦးမြင့်ချို၊ တပ်သား ဦးရဲဝေထွန်း နှင့် ဦးမြတ်မင်းအောင် တို့က ဦးဆောင်ကာ မိသားစုဝင်များထံမှ အကြောင်းပြချက်မရှိ ငွေကြေးများ ကောက်ခံနေကြသည်။
ငွေကြေးမပေးနိုင်သည့် အကျဉ်းသားများမှာ အခန်းပြောင်းခြင်း၊ အဆောင်ပြောင်းခြင်းများ ပြုလုပ်ကြရပြီး၊ ယင်းသို့ ကောက်ခံရရှိသည့် ငွေကြေးများမှာ အကျဉ်းသားများထံသို့ မရောက်ရှိကြောင်း ဖော်ထုတ်ထားသည်။
ထိုသို့ ငွေတောင်းခံရာတွင် အိပ်ဆောင်မှူးများဖြစ်ကြသည့် ဝန်ထမ်း ဦးမျိုးသက်အောင် (အိပ်ဆောင် ၂)၊ ဦးရဲဟိန်း နှင့် ဦးအောင်ထက် (အိပ်ဆောင် ၃)၊ ဦးစိုးရန်နိုင်၊ ဦးပြောင်ကြီး နှင့် ဦးထက်ဝေကို (အိပ်ဆောင် ၅ နှင့် ၆) တို့လည်း ပူးပေါင်းကူညီနေသည်ဟု ဆိုသည်။
မြောင်းမြထောင် ဒုထောင်ပိုင် ဦးတင့်ဆွေဝင်း သည်လည်း သောက်စားမူးယစ်သည့်အခါများ၌ အကျဉ်းသား များအား စိန်ခေါ်၍ လေးခွဖြင့် ပစ်ခတ်သောင်းကျန်းလေ့ရှိပြီး၊ ကျန်တပ်သားများကိုလည်း ၎င်းအတိုင်း ပြုမူစေ သည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။
ထို့ပြင် တပ်သား ဦးမြတ်မင်းအောင်ဆိုသူကလည်း မူးယစ်လာပါက တောင်ယာလုပ်ကိုင်သည့် အကျဉ်းသားများ အား အနိုင်ကျင့်နှိပ်စက်သည်ဟု ဆိုသည်။
အာဏာပိုင်များသည် ထောင်တွင်း ရာဇဝတ်သားများကိုပင် ခန့်အပ်ကာ အခြားအကျဉ်းသားများအား နှိပ်စက်ခိုင်း စေနေကြောင်း မလင်းက ဆက်ပြောသည်။
“ဒီလက်ပါးစေတွေပေါ့နော်။ အကျဉ်းသားတွေကို သူတို့က မွေးမြူထားလိုက်တယ်ပေါ့နော်။ သူတို့ရဲ့ ဘက် တော်သားအဖြစ် အဲ့ဒီမှာ အကျဉ်းသားတွေကမှ တစ်ဆင့် နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တာမျိုးတွေ လည်း ကြုံနေရတာ ဖြစ်တဲ့အတွက် မြောင်းမြထောင်အတွက်ကို အားလုံးဝိုင်းဝန်းပြီးတော့ပေါ့နော် သတင်း ထုတ်ပြန် ပေးကြဖို့၊ ရပ်တည်ပေးကြဖို့ အတွက် PPNM ဘက်ကနေမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။”
ထောင်တွင်းဈေးဘားတွင် ရောင်းချသည့်နေရာ၌ အပြင်ဈေးထက် သုံးဆခန့် ဈေးတင်ရောင်းချပြီး ထောင် အာဏာပိုင်များအတွက် ငွေရှာပေးနေသူမှာ သူရမြင့်လွင် (ခ) သားလေး ဆိုသူဖြစ်ပြီး၊ ၎င်းသည် ပုသိမ်ထောင် တွင် မူးယစ်ဆေး ရောင်းချမှုဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ထောင်တွင်း တန်းစီနေရာများအတွက် လာဘ်ထိုးရလေ့ရှိရာ၊ ယခုလက်ရှိ တစ်လလျှင် ကျပ်သိန်း ၅၀ ခန့် ရှာဖွေပေးနေသူများမှာ လူသတ်မှု၊ မုဒိန်းမှုဖြင့် သေဒဏ်ကျခံနေရသည့် မင်းထက် (ခ) ဘိုကြီး နှင့် ခန့်ဝေ တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု PPNM က ဆိုသည်။