မြန်မာ၊ တရုတ်၊ ထိုင်း ကိုယ်စားလှယ်များ ကျားဖြန့်ကိစ္စ မြဝတီတွင် ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။ 

ကရင်ပြည်၊ မြဝတီဒေသရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းများ (ခေါ်) ‘ကျားဖြန့်’ များကို အမြစ်ပြတ် ရှင်းလင်းရန် အတွက်ဆိုကာ မြန်မာ၊ တရုတ်နှင့် ထိုင်း သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြဝတီ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဒေသခံ BGF နှင့် နီးစပ်သူများက ပြောသည်။ 

ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးရိ (Mr. Liu Zhongyi) ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ အဓိကတည်ရှိရာ KK Park နှင့် BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ် နယ်မြေ တို့ကို သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

အဓိက ဆွေးနွေးမှုများတွင် ကျားဖြန့်နှင့် ပတ်သက်သည့် တရားခံများနှင့် လုပ်သားများကို သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းရေးကိစ္စများ ပါဝင်ခဲ့သည်။ 

လက်ရှိတွင် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ ဖမ်းဆီးထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများကို တရုတ်ဘက်က ပြန်လည်ခေါ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း BGF နှင့် နီးစပ်သည့် သတင်းရင်းမြစ်က  အတည်ပြုသည်။

တရုတ်ဘက်က ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး ကိုယ်တိုင် မြဝတီ၊ KK Park နဲ့ ရွှေကုက္ကိုလ်လို ကျားဖြန့်စခန်းတွေကို လာရောက် စစ်ဆေးခဲ့တာပါ။ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား တရားခံနဲ့ လုပ်သား တွေကို ချက်ချင်း ပြန်လွှဲဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောတယ်ဗျ

ဤတွေ့ဆုံဆွေးနွေးမှုသည် ကျားဖြန့်တိုက်ဖျက်ရေးတွင် အမေရိကန်နိုင်ငံ ပါဝင်လာပြီး နောက်ကွယ်မှ တရုတ် အရာရှိများကို ဖော်ထုတ်ရန် ပြောဆိုပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ကျားဖြန့်ကိစ္စကို အကြောင်းပြု၍ ပြည်ပနိုင်ငံများ၏ ဝင်ရောက် စွက်ဖက် မှုကို လက်မခံရန် မြန်မာနှင့် တရုတ်တို့ ဆွေးနွေးသဘောတူခဲ့ကြသည်။ 

ထို့အပြင် ကျားဖြန့်တိုက်ဖျက်ရေးကို ဒေသတွင်း နိုင်ငံများသာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ကိုလည်း သဘောတူညီခဲ့သည်ဟု ဆိုသည်။

မြဝတီဒေသခံတစ်ဦးက ဒီလို နိုင်ငံတကာအဆင့်အထိ လာရောက် စစ်ဆေးတာ၊ ဆွေးနွေးတာတွေဟာ နယ်စပ် ဒေသမှာ ကျားဖြန့်လုပ်ငန်းတွေဟာ ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲ ဆိုတာကို ပြသနေတာပါပဲ။ တကယ်တော့ ကျားဖြန့်ကို အမြစ်ဖြတ်ဖို့ဆိုတာ BGF လို ဒေသခံ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှု မပါဘဲ မဖြစ်နိုင် ပါဘူး။ တရုတ်နဲ့ ထိုင်းက ဖိအားပေးမှ အခုလို လှုပ်ရှားလာတာကို တွေ့ရပါတယ် ဟု ပြောသည်။

ထိုသို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးပါ သော ခြေလှမ်းဖြစ်သော်လည်း၊ ဒေသခံများကမူ လုပ်ငန်းများ လုံးဝ ရပ်တန့်သွားမည်ဆိုသည်ကို မယုံကြည်သေးပဲ အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

လက်ရှိ ကျားဖြန့် နှိမ်နင်းရေး ဆွေးနွေးမှုများ ပြုလုပ်ရာ မြဝတီမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေအချို့နှင့် နီးစပ်နေပြီး စစ်ရေးတင်းမာမှုများ မကြာခဏဖြစ်ပွားရာ ဒေသလည်း ဖြစ်သည်။

KNU ဘက်မှ တရားဝင် ထုတ်ပြန်ချက်များအရ၊ ၎င်းတို့သည် ဒေသတွင်း မူးယစ်ဆေးဝါးနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ အပါအဝင် ကျားဖြန့်လုပ်ငန်းများကိုပါ အမြစ်ဖြတ် တိုက်ဖျက်ရန် တောင်းဆိုထားပြီး၊ စစ်ကော်မရှင်၏ အုပ်ချုပ်ရေးအောက်တွင် ရှိနေသည့် တရားမဝင် လုပ်ငန်းများကို KNU က ခွင့်ပြုထားခြင်း မရှိကြောင်း ပြောဆိုလေ့ရှိသည်။ 

ထို့အပြင် KNU က စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံတကာ အာဏာပိုင်များမှ ကျားဖြန့်ကိစ္စအတွက် ဝင်ရောက်လာခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အမှန် တကယ် အကျိုးပြုစေမည့် ရလဒ်များ ပေါ်ပေါက်လာရန် လိုလားကြောင်း တောင်းဆိုမှုများ ပြုလုပ်ထားသည်။