ထောင်အာဏာပိုင်များ စီးပွားရှာမှု တိုးမြင့်လာနေ

သတင်းနှင့် မီဒီဲယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအကျဉ်းထောင်အတွင်း အာဏာပိုင်များ စီးပွားရှာနေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်တက်လာနေသည်ဟု နိုင်ငံရေး အကျဉ်းသားရေး စောင့်ကြည့်နေသူများက ပြောသည်။

ကလေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်အချို့သည် တရားမဝင်ပစ္စည်းများအား ဈေးတင်ရောင်းချခြင်း၊ အကျဉ်းသားများအား ငွေညှစ်ခြင်းနှင့် ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းများ ကျူးလွန်ကာ အကျဉ်း ထောင်ကို ကိုယ်ကျိုးရှာ ဈေးကွက်တစ်ခုသဖွယ် အသုံးချနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက် (PPNM) နှင့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ 

PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက လာဘ်ပေးလာဘ်ယူလုပ်တာတွေ၊ အမြတ်တင်ပြီးတော့ ရောင်း ချနေတာမျိုးတွေ၊ တရားမဝင်ပစ္စည်းတွေကို သွင်းပေးပြီးတော့ တရားမဝင်ပစ္စည်းတွေကို သွင်းပေးတယ် ဆိုတာမှာ ဝန်ထမ်းတွေဆီကနေမှပဲ သွင်းလို့ရကြတာပေါ့နော်။ ဒီဝန်ထမ်းတွေက သွင်းပေးပြီးလို့ရှိရင်လည်း မတန်တဆတွေ ပြန်ပြီးတော့ ရောင်းချတယ်။ ပြောရမယ် ဆိုလို့ရှိရင် ထောင်ထဲမှာ စီးပွားရေးလုပ်နေကြ တာ မျိုး ဖြစ်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာလည်း အကျဉ်းသား/သူတွေရဲ့ ငွေတွေ၊ ပြီးလို့ရှိရင် ဒီနိုင်ငံရေး အကျဉ်းသား/သူတွေကို ခေါင်းပုံဖြတ်ပြီးတော့မှ ရောင်းချနေတာမျိုးတွေ ဖြစ်ပါတယ် ဟု ပြောသည်။

ထောင်အာဏာပိုင်များက ကွမ်းပေါင်းနှင့် အကျဉ်းသားများ ကိုယ်တိုင်စိုက်ပျိုးထားသည့် သီးနှံများကို ဈေးနှုန်း ၃ ဆခန့်အထိ အမြတ်တင်ရောင်းချကာ အကျဉ်းသားများအပေါ် ခေါင်းပုံဖြတ်မှုများ ပြုလုပ်နေကြောင်း PPNM က ထုတ်ပြန်လိုက်သည်။

ကလေးအကျဉ်းထောင်အတွင်း ငွေကြေးမပေးဆောင်နိုင်သည့် အကျဉ်းသားများမှာ မြောင်းဖော်ခြင်း၊ တောင် ယာလုပ်ကိုင်ခြင်း၊ အိမ်သာဆေးခြင်းနှင့် အမှိုက်ရှင်းခြင်းစသည့် ပင်ပန်းသောအောက်ခြေသိမ်းအလုပ် (ဘောက်ဆင်း) များကို လုပ်ကိုင်နေရသည်။ 

ထိုသို့ လုပ်ကိုင်ရာမှ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံများကိုလည်း အာဏာပိုင်များက မတရားယူ ဆောင်ကာ ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများထံ ပြန်လည်ရောင်းချနေကြောင်း နိုင်ကျဉ်းဟောင်းများက PPNM ကို ပြောသည်။

ကလေးထောင်မှာက အခုက ထောင်အာဏာပိုင်တွေက စီးပွားရေးသမားတွေလို ဖြစ်နေတာ။ ပါဆယ်တွေ ကိုလည်း စစ်ဆေးတဲ့နေရာမှာ သူတို့လိုချင်တာကို ယူတယ်၊ ပြီးရင် အထဲမှာ အကျဉ်း သားတွေ စိုက်ထားတဲ့ ဟာကို အပြင်ဈေးထက် အများကြီးတင်ပြီး ပြန်ရောင်းစားနေတာ။ ငွေမရှိတဲ့သူတွေ ဆိုရင် ထောင်ထဲမှာ တော်တော်လေး ငတ်ငတ်ပြတ်ပြတ်နဲ့ ဒုက္ခရောက်နေကြရတယ် ဟု ပြောသည်။

အဆိုပါ အကျဉ်းထောင်တွင် ကြီးကြပ်ရေးမှူးတစ်ဦးမှာ ရာထူးတိုးလာပြီးနောက်ပိုင်း အကျဉ်းသား များထံမှ ငွေညှစ်၍ အခန်းပြောင်းခြင်း၊ အိပ်ဆောင်ရွှေ့ခြင်းများ ပြုလုပ်ကာ လာဘ်ပေးလာဘ်ယူမှုများကို အထင်အရှား ကျူးလွန်နေကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

မရောင်နီလင်း၏ အဆိုအရ အဆိုပါ ကြီးကြပ်ရေးမှူးသည် ၎င်းကိုယ်တိုင် ကျူးလွန်ခြင်းမျိုး မဟုတ်ဘဲ မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူ တစ်ဦးကို လက်ပါးစေအဖြစ် အသုံးချကာ အရောင်းအဝယ်ပြုလုပ်ခြင်း၊ အခြားအကျဉ်းသားများထံ လာရောက်သည့် ပါဆယ်ပစ္စည်းများထဲမှ စားစရာများ ကို ယူခိုင်း၍ စားသောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

မရောင်နီလင်းက တရားမဝင် တင်သွင်းပြီးတော့ ရောင်းချတာမျိုးတွေက အကျဉ်းထောင်တိုင်းမှာ လိုလို ဖြစ်နေတယ်။ စီးပွားရှာ နေတယ်လို့ ကျနော်တို့အနေနဲ့ကတော့ မြင်ပါတယ်ပေါ့နော်။ ထပ်ပြီးတော့ ပြောရ မယ်ဆိုလို့ရှိရင်တော့ အကျဉ်း ထောင်တွေက စီးပွားရှာရမယ့် နေရာမဟုတ်ပါဘူး၊ စီးပွားရေးဈေးကွက်တစ်ခု မဟုတ်ပါဘူး ဟု ဆက်ပြောသည်။

လက်ရှိတွင် ကလေးအကျဉ်းထောင်၌ စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့်အပြင် နိုင်ငံရေးအကျဉ်းသား မိသားစု ဝင်များ ပို့ဆောင်သည့် ရိက္ခာများကိုလည်း အာဏာပိုင်များက ဖြတ်ယူစားသောက်နေသဖြင့် အခြေခံလူတန်းစား အကျဉ်းသားများအတွက် ပိုမိုခက်ခဲနေကြောင်း PPNM က ဆိုသည်။ 

အလားတူ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင်လည်း အဆောင်မှူး ကျော်လင်းထွန်း ဆိုသူက အဆောင် စည်း ကမ်း အကြောင်းပြ၍ လာဘ်ယူခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ကျူးလွန်နေကြောင်း PPNM က ထုတ်ပြန် ထားသည်။