မုဒိမ်းမှု ဖြစ်ပွားသော ကျောင်းမှ ကျောင်းသူကျောင်းသားများအား အခြားသို့ မပြောင်းရွှေ့ရန် ကျောင်းမှ ကြိုးပမ်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။ 

မုဒိမ်းမှု ဖြစ်ပွားခဲ့သော စာသင်ကျောင်းမှ ကျောင်းသူကျောင်းသားများအား အခြား ကိုယ်ပိုင်ကျောင်း ၆ ကျောင်းက အခမဲ့ လက်ခံသင်ကြားပေးသွားမည်ဟု ပြောဆိုထားသော်လည်း မူလကြောင်းမှ မပြောင်းရွှေ့စေရန် ကြိုးပမ်းလျက် ရှိသည်ဟု မြို့ခံများက ပြောသည်။ 

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အောင်မြေသစ် ကျောင်းအုပ်ဆရာမကြီး၏ သားဖြစ်သူ ကျောင်းဆရာ ကိုဇာနည်သွေးက Grade 12 ကျောင်းသူတစ်ဦး ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီးနောက်ပိုင်း၊ အဆိုပါကျောင်းရှိ ကျောင်းသား/သူများမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့ဘဲ ကျောင်းပြောင်းရွှေ့ရန် ပြင်ဆင်လာကြခြင်း ဖြစ်သည်။

ကျောင်းပြောင်းရွှေ့လိုသည့် ကလေးတစ်ဦး၏ မိဘတစ်ဦးက စာမေးပွဲက နောက်လ ၄ ရက်ဆိုရင်ပဲ ရောက်နေပြီလေ။ ဆိုတော့ အမျိုးမျိုး စဉ်းစားရတာပေါ့နော်။ အဓိကတော့ ကလေးရဲ့ ဆန္ဒပေါ့။ သူ့ကို မေးတယ်၊ ဆက်တက်ချင်လား ဆိုတော့ သူက အဲဒီကျောင်းမှာ တက်ရမယ်ဆိုရင် စာမေးပွဲ မဖြေတော့ဘူးဆိုလို့ အခုပဲ ပြောင်းပေးမှာပါ။ ကြော်ငြာထားတဲ့ ကျောင်းတွေအပြင် တခြားကျောင်းတွေလည်း တိုးတိုးတိတ်တိတ် လက်ခံနေကြပါတယ် ဟု ၎င်း၏ အခက်အခဲကို ပြောပြသည်။

သို့သော်လည်း အဆိုပါ ကျောင်းက Grade 11 နှင့် Grade 12 ကျောင်းသားများအား ကျောင်းပြောင်းခွင့်မပြုပဲ အခြားအတန်းမှ ကျောင်းသူ/သားများ ကျောင်းပြောင်းပါကလည်း သွင်းထားသည့် ငွေများ ပြန်အမ်းပေးမည်မဟုတ်ကြောင်း ပြောထားသည်ဟု ဆိုသည်။ 

လက်ရှိတွင် Diamond Hill Academy က ကျောင်းသား ၈၅ ဦးခန့်ကို အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး၊ ပညာ ဓိက ကိုယ်ပိုင်ကျောင်းကလည်း Grade 10 မှ 12 အထိ ကျောင်းသား/သူများကို တာဝန်ယူသွားမည်ဟု ဆိုသည်။ 

Grade 10 မှ 12 အထိ ကျောင်းသား/သူများအား ပညာဆက်လက်သင်ယူနိုင်စေရေး အတွက် ပညာဓိကကျောင်း မှ ‌‌အခမဲ့ တာဝန်ယူပေးပြီး စာမေးပွဲဆက်လက် ဖြေဆိုနိုင်စေရေးအတွက် ကူညီ‌ ပေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် တောင်တန်းချယ်ရီ၊ Future Star၊ RCT နှင့် TGI Centre 2 တို့ကလည်း အသီးသီး အခမဲ့ကူညီသင် ကြားပေးမည်ဟု ထုတ်ပြန်ထားကြသည်။

တောင်ကြီးမြို့တွင် နာမည်အကျော်ဆုံးဖြစ်သည့် Royal College Taunggyi (RCT) တွင်လည်း ရွှေ့ပြောင်းလာ မည့် ကျောင်းသား/သူများအား ညနေ ၂ နာရီမှ ၅ နာရီခွဲအထိ အခမဲ့ သင်ကြားပေးသွားမည်ဟု ကြေညာထား သည်။

ကျောင်းပြောင်းရွှေ့မှုများနှင့် ပတ်သက်၍ အောင်မြေသစ်ကျောင်းဘက်မှ အစောပိုင်းတွင် အဟန့်အတားများ ရှိခဲ့ကြောင်း မိဘတစ်ဦးက ယခုကဲ့သို့ ပြောသည်။

အစကတော့ ပြောင်းရင် စာမေးပွဲဖြေကတ် ထုတ်မပေးဘူးလို့ ခြောက်ထားတာ။ နောက်တော့ လူတွေက လိုင်းပေါ် မှာ အရမ်းတက်ဆဲကြတော့မှ မိန်းကလေးတွေကို ပြောင်းခွင့်ပေးတာ။ အခုတော့ မိန်းကလေးက ပြောင်းလို့ ရပြီ။ မိန်းကလေးဆောင်လည်း ပိတ်ထားပြီ။

အခြား ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် လုပ်ကိုင်နေသည့် အမည်မဖော်လိုသူ ဆရာမတစ်ဦးကလည်း ပြောင်း ရွှေ့လာမည့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အထူးဂရုစိုက်ရမည့် အနေအထားဖြစ် ကြောင်း ထောက်ပြသည်။ 

အခုထိလည်း လက်ခံနေတုန်းပဲ။ အချိန်မရွေးလာခဲ့ပါ။ ကလေးတွေ အနေနဲ့လည်း အာဘော်မတူတာတို့ သင် ကြားနည်းစနစ် မတူတာတို့တော့ ရှိမှာပေါ့လေ။ သူတို့ကိုတော့ ဒီကာလမှာ ပိုဂရုစိုက်ရမှာပါ။ သူတို့က စိတ်ဒဏ် ရာ ရထားကြတာဆိုတော့ တခြားကလေးနည်းတူ ပြောဆိုဆက်ဆံလို့ မရပါဘူး ဟု ၎င်းက ပြောသည်။

ကျူးလွန်သူ ကိုဇာနည်သွေးအား ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့်ထားသော်လည်း ကျူးလွန်ခံရသည့် ကျောင်းသူမှာ သားအိမ်ပေါက်ပြဲဒဏ်ရာဖြင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ 

အဆိုပါဖြစ်စဉ်အပေါ် တောင်ကြီးမြို့ခံများက အပြင်းအထန် ကန့်ကွက်နေကြပြီး တရားခံဘက်မှ ရှေ့နေလိုက် ပေးမည့်သူကိုပါ လူမှုရေးပြစ်ဒဏ် (Social Punishment) ပေးရန် ပြင်ဆင်နေကြကြောင်း မြို့ခံအချို့က ပြောသည်။

ပညာရေးဝန်ကြီးဌာနက အောင်မြေသစ်ကျောင်းအား အရေးယူမည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် မူ အမျိုးသမီးဆောင် ပိတ်သိမ်းရုံမှအပ ကျန်စာသင်ဆောင်များမှာ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။