တောင်ကြီးတွင် စည်ပင်ဝန်ထမ်းနှင့် ဈေးဝယ်သူ ထိုးကြိတ်ကြရာမှ သွေးထွက်သံယိုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ City Square အနီး ပျံကျဈေးတွင် စည်ပင်ဝန်ထမ်း နှင့် ဈေးဝယ်သူ အမျိုးသမီးတို့အကြား စကားများရန်ဖြစ်ရာမှ သွေးထွက်သံယိုဖြစ်သည့်အထိ အပြန်အလှန် ထိုးကြိတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက် နံနက် ၇ နာရီခန့်တွင် ဒေါ်အိလှိုင် ဆိုသူသည် သူငယ်ချင်းဖြစ်သူနှင့်အတူ မဟာသုခလမ်းဘက်မှ ပျံကျဈေးအတွင်းသို့ ဆိုင်ကယ်ဖြင့် မောင်းဝင်စဉ် စိန်တောင်တန်း စားသောက်ဆိုင်ရှေ့၌ စည်ပင်ဝန်ထမ်း ဦးတင်ဝင်းအောင်က ဝင်ရောက်ခွင့် မပြုရာမှ စကားများရန်ဖြစ်မှု စတင်ခဲ့ခြင်း ဖြစ်သည်။

ဈေးသည်တစ်ဦးက ကျမတို့လည်း မြင်နေတယ်။ ကောင်မလေးကလည်း အပြောရင့်တယ်။ စည်ပင်ကလည်း ပြေပြေလည်လည် မပြောတတ်ဘူး။ နှစ်ဖက်လုံးတင်းပြီး ဖြစ်ကြတာ။ ဒီကာလ လူတိုင်း စိတ်ဆတ်တော့ သတိထားပြောဆိုရမှာ။ ဒီလို ဖြစ်တော့ နှစ်ဖက်လုံးအတွက် မကောင်းဘူး ဟု ပြောသည်။

ဒေါ်အိလှိုင်သည် ထွက်ခွာသွားပြီးနောက် တက်ခေတ်လမ်းဘက်မှ ပြန်လည်ဝင်ရောက်ရာတွင် ထပ်မံ တားဆီးခံ ရသဖြင့် အပြန်အလှန် ဆဲဆိုကြရာမှ ရန်ပွဲ စတင်ခဲ့သည်။

ရန်ပွဲအတွင်း ဒေါ်အိလှိုင်ဘက်မှ ဓားချွန်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဦးတင်ဝင်းအောင်တွင် ပါး၊ မေးစေ့၊ လည်ပင်း၊ ရင်အုံနှင့် ဝမ်းဗိုက်တို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဈေးသည်များက ဆိုသည်။

ထို့နောက် ဦးတင်ဝင်းအောင်ကလည်း ပြန်လည် ထိုးကြိတ်ခဲ့သဖြင့် ဒေါ်အိလှိုင်တွင် ခေါင်း၊ ဝဲဘက်မျက်လုံး၊ ရင်ဘတ်နှင့် လက်မောင်းတို့၌ ဖူးယောင်ဒဏ်ရာများနှင့်အတူ နှုတ်ခမ်း၊ မေးစေ့တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ သည်။

ပျံကျဈေးတွင် နေ့စဉ် ဈေးဝယ်သည့် အိမ်ရှင်မတစ်ဦးက ဘယ်သူမှား မှန်လဲတော့ မသိဘူးပေါ့နော်။ စည်ပင် တွေ ကြိုက်သလို လုပ်နေတာကတော့ မြင်နေတွေ့နေတာပဲ။ မဝင်ရ လမ်းတွေ သူတို့ စိတ်ကြိုက်သတ်မှတ် တယ်။ ရပ်ကွက်လူတွေနဲ့ ဘာမှ ညှိနှိုင်းမှု မရှိဘူး။ ပိုက်ဆံပေးရင် ရောင်းရမယ်။ နောက်နေ့ ဖမ်းချင်ဖမ်းမယ်။ အပြောဆို ရင့်တယ်။ စည်ပင် အလုပ်ကျ မလုပ်ချင်ဘူး။ ဈေးသည်တွေ ဈေးဝယ်တွေလည်း ရိုင်းတာပါပဲ။ ထစ်ခနဲရှိဆို ဖအေ၊ နှမ ကိုင်တုတ်ဆဲကြတော့ သည်းမခံနိုင်ကြတော့တာ ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးတင်ဝင်းအောင်က တောင်ကြီး မြို့မရဲစခန်းတွင် တိုင်ကြားခဲ့သဖြင့် ဒေါ်အိလှိုင် အား ဆဲဆိုမှု၊ ဝတ္တရားနှောက်ယှက်မှု၊ အနာတရဖြစ်စေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၅၃/ ၃၃၂ တို့ဖြင့် အမှုဖွင့်ထားသည်။

အလားတူ ဒေါ်အိလှိုင် ဘက်ကလည်း ပြန်လည် တိုင်တန်းခဲ့သည့်အတွက် ဦးတင်ဝင်းအောင်ကိုလည်း ရဲစခန်းက ဆဲဆိုမှု၊ နာကျင်စေမှု၊ ကာယိန္ဒြေပျက်စီးစေမှု ပုဒ်မ ၂၉၄/ ၃၂၃/ ၃၅၄ တို့ဖြင့် အမှုဖွင့်ထားသည်။

တောင်ကြီးမြို့တွင် ဈေးသည်နှင့် စည်ပင်ဝန်ထမ်းများအကြား မကြာခဏ စကားများလေ့ရှိသော်လည်း ယခုကဲ့ သို့ ဈေးဝယ်သူနှင့် စည်ပင်ဝန်ထမ်းတို့အကြား သွေးထွက်သံယိုဖြစ်သည်အထိ ခိုက်ရန်ဖြစ်ပွားမှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။