တောင်ကြီးတွင် ဆိုင်ခန်း ၁၀၀ ကျော်ဖယ်ရှားရန် ညွှန်ကြား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။ 

ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးမြို့တွင် စီးပွားရေးကျဆင်းနေသည့် ကြားမှ စစ်ကော်မရှင်က အားကစားကွင်း ပြင်ဆင်ရန် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံများ စီးပွားရေးအဖက်ဖက်မှ ကျဆင်းနေသည့်ကြားမှပင် စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးက ရှမ်းပြည်နယ် အားကစားကွင်း ပတ်ပတ်လည်ရှိ ဆိုင်ခန်း ပေါင်း ၁၀၀ ကျော်အား ဖျက်သိမ်းဖယ်ရှားရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဆိုင်ကယ်အပိုပစ္စည်း ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “တောင်ကြီးမြို့က ဘာမှ စစ်ဘေးမကြုံရဘူး ဆိုပေမယ့် ဒီ ၅ နှစ်တာအတွင်း ဘာမှ အလုပ်မဖြစ်ပါဘူး။ ဖွင့်ထားတဲ့ ဆိုင်တွေက အရင်းကိုက်ရုံ ဟန်မပျက် ဖွင့်နေကြတာပါ။ ရပ်ထားရတဲ့အလုပ်က ခပ်များများပါ။ ဘောလုံးကွင်းက ပြင်သင့်တယ်ဆိုပေမယ့် ဒီကာလ တော့ မစာနာရာ ရောက်ပါတယ် ဟု လက်ရှိ တောင်ကြီးမြို့၏ စီးပွားရေး အခြေအနေကို ထောက်ပြသည်။

အဆိုပါ ဆိုင်ခန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ စည်ပင်မှ ငွေကောက်ခံခြင်း မပြုတော့ဘဲ နှစ်ပတ် အတွင်း ဖယ်ရှားပေးရန် ညွှန်ကြားထားခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လာရောက်ကြည့်ရှု့မှု နောက်ဆက်တွဲအဖြစ် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖယ်ရှားခံရမည့် ဆိုင်ခန်းများတွင် စားသောက်ဆိုင်၊ အထည်ဆိုင်နှင့် မော်တော်ယာဉ် အပိုပစ္စည်းဆိုင် စသည့် လုပ်ငန်းများ ပါဝင်သည်။ 

စီးပွားရေး အဆင်မပြေမှုကြောင့် အရင်းရရုံဖြင့်သာ ဆက်လက်ရပ်တည်နေရသည့် ကာလတွင် ရုတ်တရက် ဖယ်ရှားခိုင်းမှုကြောင့် ဆိုင်ရှင်များမှာ ဖောက်သည်ပျက်မည်ကို စိုးရိမ်နေကြရသည်။

၂၀၂၃ ခုနှစ် မတ်လ အစောပိုင်း၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့သို့ လာရောက် လည်ပတ်ခဲ့စဉ် အားကစားကွင်းအား ကြည့်ရှု့စစ်ဆေးပြီး ပြင်ဆင်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ 

စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ယင်းညွှန်ကြားချက်ကို ယခုကဲ့သို့ အချိန်တိုအတွင်း အကောင်အထည်ဖော်မည်ဟု မထင်မှတ်ထားကြောင်း ပြောသည်။

မင်းအောင်လှိုင်လာတုန်းက ပြောခဲ့တာတော့ ရှိတာပေါ့။ ဒီလောက်မြန်မယ်လို့ မထင်ကြဘူးလေ။ ပြောင်းဆို လည်း ပြောင်းရမှာပေါ့။ နေရာပြန်ပေးမယ်လို့တော့ မကြားသေးဘူး ဟု ပြောသည်။

လက်ရှိ အားကစားကွင်းအား ဦးဆောင်ပြင်ဆင်ခွင့်ရသူမှာ စစ်ခေါင်းဆောင်၏ သမီးဖြစ်သူမှ ဖြစ်ပြီး ရုရှားနိုင်ငံ ၏ နည်းပညာ အကူအညီများလည်း ပါဝင်မည်ဟု ဒေသခံအချို့ကြား ပြောဆိုမှုများရှိသော်လည်း သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် အတည်မပြုနိုင်သေးပေ။

အားကစားကွင်း ဘေးတစ်လျှောက်ရှိ ဆိုင်ခန်းပိုင်ရှင်များသည် ဆိုင်ခန်းပြောင်းရွှေ့ပါက စီးပွားရေးကျဆင်းမည့် အပြင်၊ ဆိုင်ခန်းများကို လက်သိပ်ထိုး အရောင်းအဝယ်ပြုလုပ်ထားသူများမှာ လုံးဝဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။

ဘောလုံးကွင်းအနီး နေထိုင်သူတစ်ဦးက ဆိုင်ခန်းကတော့ ပြည်နယ်အားကာ အပိုင်ပါ။ ဆိုင်ခန်းရှင်တွေက ပြန် ငှားတာပါ။ ငှားတယ်ဆိုတာကလည်း တစ်နည်းပြောရရင် အပိုင်ပေါ့။ ဘယ်လောက်ပိုင်တယ် ပြောပြော နှစ်တိုင်း အခွန်ဆောင်ရတယ်။ ပြောင်းဆို ပြောင်းရတာပဲလေ။ လက်သိပ်ထိုး အရောင်းအဝယ် လုပ်ထားတဲ့ လူတွေတော့ လုံးဝဆုံးမယ် ဟု ရှင်းပြသည်။

ရှမ်းပြည်နယ် အားကစားကွင်းမှာ ပရိသတ် ၇ ထောင်အထိ ဝင်ဆံ့ပြီး၊ ထိုအားကစားကွင်း ဘေးရှိ ဆိုင်ခန်းများ သည် စစ်အာဏာ မသိမ်းမီ ၂၀၁၆ ခုနှစ်၌လည်း လမ်းဧရိယာနှင့် မလွတ်သဖြင့် ဆိုင်ခန်းရှင်များက ကိုယ်ပိုင်ငွေ ဖြင့် ပြုပြင်တည်ဆောက်ခဲ့ဖူးသည်ဟု ဆိုကြသည်။