ကေတုမတီ လေဆိပ်ကို အသေခံ ဒရုန်းဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။ 

လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ထားရှိသည့် ကေတုမတီလေဆိပ်ကို အသေခံဒရုန်းဖြင့် တော်လှန်ရေး တပ်ဖွဲ့ တိုက်ခိုက်ခဲ့ရာ လေကာစနစ် (Jammer) ပျက်စီးသွားသည်ဟု ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကော်မရှင်၏ တိုက်လေယာဉ်များ အဓိကထားရှိရာ ကေတုမတီ လေတပ်စခန်း ဌာနချုပ်ကို ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့တွင် အသေခံဒရုန်းများဖြင့် လျှပ်တပြက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲ လေဆိပ်၏ လေကြောင်းထိန်းချုပ်ရေးတာဝါ (ATC) နှင့် လေကာစနစ် (Jammer) တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝရဇိန်တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့ တိုက်ခိုက်လိုသည့် ရည် ရွယ်ချက် ပြည့်မီရန် ရန်ပုံငွေ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အဓိကကတော့ ATC နဲ့ Jammer tower ကို တိုက်ခိုက်နိုင်ပါတယ်။ ရည်ရွယ်ချက်က အစီးရေများများနဲ့ တိုက်ခိုက်ချင်တာပါ။ ရံပုံငွေက ဘယ်လိုမှ ရှာလို့မရတော့ ရှိတာနဲ့ အကောင်းဆုံး စီစဉ်လိုက်ရတာပါ ဟု ၎င်းက ပြောသည်။

ထိုစစ်ဆင်ရေးကို ‘Operation Thunderbolt’ အဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားသည့် ကေတုမတီ လေဆိပ်အား FPV အသေခံဒရုန်း ၄ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဒရုန်း ၄ စီးအနက် ၂ စီးမှာ ပစ်မှတ်များကို ထိမှန်ခဲ့ပြီး စစ်ကော်မရှင်ဖက်မှ MI-35 ရဟတ်ယာဉ်ဖြင့် တန် ပြန်တိုက်စစ် ဆင်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ က ဆိုသည်။

ကေတုမတီလေဆိပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကို သံတောင်မြောက်ပိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ငွေကြေးမလုံလောက်မှုကြောင့် စစ်ဆင်ရေးအား ၆ လကြာ အချိန်ယူ ပြင်ဆင်ခဲ့ရကြောင်းလည်း ၎င်းတို့ က ဆိုသည်။

ဝရဇိန်တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် လေကာစနစ် (Jammer) ကို ကျော်လွှားနိုင်သည့် ဒရုန်းများ အား တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် တော်လှန်ရေးတပ်ဖွဲ့များအနက် ပထမဆုံး တီထွင်မှုဖြစ် သည်ဟု ဆိုသည်။ 

ယခုတိုက်ခိုက်မှုတွင်လည်း အဆိုပါ နည်းပညာ အောင်မြင်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က အတည်ပြုပြောဆိုသည်။

ဝရဇိန်တပ်ဖွဲ့ တာဝန်ခံတစ်ဦးက အရေအတွက်များများနဲ့ ဆက်တိုက် မတိုက်ခိုက်နိုင်တာက လွဲလို့ အခု mission အပေါ်မှာ ကြေနပ်ပါတယ်။ ရန်သူ့လေကာစနစ်ဟာ ကျတော်တို့ ဝရဇိန်ရဲ့ နည်းပညာအောက်မှာ ကျိုးပြတ်ရတာ လက်တွေ့ပါ။ ပြည်သူကို တင်ပြချင်တာကလည်း ကျတော်တို့ကို တာဝန်ပေးပါ၊ ကိုယ်ကျိုး စွန့်ပြီး၊ ပွင့်လင်းမြင်သာစွာနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်ခွင့်ပြုပါလို့ ပြောချင်ပါတယ် ဟု ပြောသည်။

ဝရဇိန်တပ်ဖွဲ့၏ ရည်ရွယ်ချက်မှာ ဘယ်ကလာဆိုက်မှန်းမသိ၊ ဘယ်လိုတိုက်သွားတယ်မှန်းမသိ၊ ဘယ်သူတွေ တိုက်သွားတယ်မှန်း မသိအောင် ရန်သူကို Silent mode နဲ့ ချေမှုန်းချင်တာပါ ဟုလည်း အခြား တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ 

ယခင်က ကရင်နီပြည်တွင် လက်နက်တပ်ဆင်ခဲ့သည့် ဤတပ်ဖွဲ့သည် ယခုနောက်ပိုင်းတွင် မြေပြန့်သို့ ဆင်းကာ စစ်ကော်မရှင်၏ လေတပ်စခန်းများအား ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟုလည်း အဖွဲ့တာဝန်ရှိသူက ဖြည့်စွက် ပြောသည်။