DKBA တပ်ဖွဲ့လာရောက်ကူညီနေစဉ် အရပ်သားကားပျက်နေရာကို စစ်ကော်မရှင် ဒရုန်းဖြင့်တိုက် ၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။ 

ကရင်ပြည်၊ မြဝတီတောင်ဘက်၌ DKBA တပ်ဖွဲ့ဝင်များ လာရောက်ကူညီနေသော အရပ်သားကားပျက်ကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက သင်္ဃန်းညီနောင်ဒေသအနီး မြဝတီမြို့နယ်တောင်ဘက် မဲကနယ်-ဖလူး တောလမ်းတစ်နေရာတွင် စက်ပျက် နေသည့် အရပ်သားကားတစ်စီးကို DKBA တပ်ဖွဲ့ဝင်များက ဝင်ရောက်ကူညီပေးနေ စဉ် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန် ၅ ဦးမှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

မြေပြင်အခြေအနေကို သိရှိသည့် မြဝတီနယ်ခံ သတင်းရင်းမြစ်တစ်ဦးက “အဲဒီလမ်းပိုင်းက တောလမ်းဆိုပေမဲ့ အရပ်သားကားတွေရော၊ DKBA တပ်ဖွဲ့တွေပါ အမြဲအသုံးပြုနေတဲ့ လမ်းပါ။ အဲ့ဒီနေ့ကတော့ စက်ပျက်နေတဲ့ အရပ်သား ကားကို DKBA က ကူညီပေးနေတုန်း စစ်တပ်က ဒရုန်းနဲ့ လိုက်ပစ်တာလို့ ပြောတယ်။ တွေ့ရတဲ့ အနေအထားအရဆိုရင် လူတွေက လမ်းပေါ်မှာ သွေးအိုင်ထဲ လဲကျနေတဲ့သူတွေလည်း ရှိတယ်။ ကားတွေလည်း ပျက်စီးသွားတယ်” ဟု ပြောသည်။

သေဆုံးသွားသည့် DKBA တပ်ဖွဲ့ဝင် ၂ ဦး၏ နာရေးကို ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) တွင် ၎င်းတို့ ထိန်းချုပ်နယ် မြေ အတွင်း ပြုလုပ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်၍ DKBA ဗဟိုဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ 

သို့သော်လည်း DKBA တာဝန်ရှိသူများက ဖလူးဒေသအတွင်း နှစ်ဖက်စစ်ရေး တင်းမာနေသဖြင့် တပ်ဖွဲ့ဝင်များ ရော အရပ်သားများပါ အထူးသတိပြု သွားလာကြရန် သတိပေး ပြောဆိုထားသည်ဟု မြေပြင်သတင်းရင်းမြစ် များက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ဖလူးဒေသအတွင်းရှိ KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့် နေရာ များကို လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များအသုံးပြု၍ တိုက်ခိုက်နေသည့်အပြင် မြေပြင်စစ်ကြောင်းထိုးရန် လည်း ကြိုးပမ်းနေသည်ဟု ဆိုကြသည်။

ဒေသခံတစ်ဦးကလည်း မြေပြင်အခြေအနေနှင့် ပတ်သက်၍ “အခုက ဖလူး၊ မဲကနယ်ဘက်မှာတင် မကဘူး၊ ရသေ့ဂူနဲ့ မင်းလက်ပံဘက်တွေမှာလည်း စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ ရှိနေတယ်။ ဒရုန်းတွေလည်း ခဏခဏ ဝဲနေတာဆိုတော့ လမ်းမှာ ဘယ်အချိန် ဗုံးလာကြဲမလဲ မသိရဘူး။ ဒါကြောင့် ဒေသခံအချင်းချင်းတော့ အဲဒီလမ်းကို မသွားကြဖို့၊ သွားရင်လည်း သတိထားဖို့ သတိပေးနေတာမျိုးတွေ ရှိပါတယ်” ဟု ပြောသည်။

DKBA သည် ဦးသိန်းစိန်အစိုးရလက်ထက်က NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်ကော်မရှင်တပ်နှင့် လည်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားသည့် အဖွဲ့ဖြစ်သည်။ 

သို့သော်လည်း ယခုကဲ့သို့ စစ်ကော်မရှင်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့အကြား စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များက သုံးသပ်နေကြသည်။

#DKBA #Drone #ဒရုန်း #စစ်ကော်မရှင်