တရုတ်ဒရုန်းနည်းပညာကို အသုံးပြု၍ ရုရှားဗုံးကြဲလေယာဉ်ကို ယူကရိန်း တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။ 

ရုရှားနိုင်ငံ အနောက်ပိုင်းရှိ Engels-2 လေတပ်စခန်းအား ယူကရိန်းတပ်ဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒရုန်းများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုရှား၏ အဓိကကျသော Tu-95 ဗုံးကြဲလေယာဉ်တစ်စင်း အမြီးပိုင်းပြတ်ထွက်သွားသည်အထိ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်းလုံခြုံရေးအဖွဲ့ (SBU) က အတည်ပြုသည်။

ယင်းတိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် ဒရုန်းများမှာ တရုတ်နိုင်ငံထုတ် ZTK-150 အမျိုးအစားနှင့် ပုံပန်းသဏ္ဌာန် တစ်ထပ်တည်းတူညီနေသည်။ 

သို့သော် အဆိုပါဒရုန်းများကို ယူကရိန်းသို့ ရောင်းချရန် တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့သဖြင့် ယူကရိန်းဘက်က MICH 2000 အမည်ဖြင့် ကိုယ်ပိုင်ပုံတူကူး ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယူကရိန်းတာဝန်ရှိသူများသည် တရုတ်နိုင်ငံရှိ စက်ရုံသို့ သွားရောက်၍ ယင်းဒရုန်းနှင့် နည်းပညာများ ဝယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရသည်။ 

သို့ရာတွင် ပွဲစားများ၏ အကူအညီဖြင့် ဒရုန်းမောင်းနှင်သူများကို သင်တန်းပေးနေစဉ် စက်ရုံတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ဒရုန်း ၈ စင်းကိုလည်း လျှို့ဝှက်သယ်ဆောင်နိုင်ခဲ့သည်။

မူလ တရုတ်ထုတ် ZTK-150 ဒရုန်းတစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိသော်လည်း ယူကရိန်း၏ MICH 2000 ဒရုန်းမှာ ကန်ဒေါ်လာ ၄၈,၀၀၀ သာ ကုန်ကျသည်။ 

လက်ရှိတွင် အမည်မဖော်လိုသော စက်ရုံတစ်ရုံမှ တစ်နှစ်လျှင် အစင်းရေ ၆,၀၀၀ ခန့် ထုတ်လုပ်နေပြီး နောင်တွင် အစင်းရေ ၁၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု Yahoo သတင်းတွင် ဖော်ပြထားသည်။