မြန်မာပြည်က မျက်မမြင် ဒုက္ခသည်တစ်ဦးကို အမေရိကန် နယ်စပ်ရဲတပ်ဖွဲ့က အိမ်နှင့်ဝေးရာမှာ ချထားခဲ့ပြီးနောက် လမ်းမပေါ်တွင် သေဆုံးလျက်တွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။ 

မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ် ရောက်ရှိသွားတဲ့ အမျိုးသားတစ်ဦးဟာ အမေရိကန် နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ပေါ့ဆမှုကြောင့် လမ်းမပေါ်မှာ သေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြပါတယ်။ 

အသက် (၅၆) နှစ်အရွယ်ရှိ နူရူလ် အာမင် ရှာအလမ် (Nurul Amin Shah Alam) ဆိုသူ အမျိုးသားဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလ်လို (Buffalo) မြို့ရဲ့ လမ်းမပေါ်မှာ ဖေဖော်ဝါရီလ ၂၄ ရက် အင်္ဂါနေ့ညက သေဆုံးလျက် တွေ့ခဲ့ရပါ။ 

သူသေဆုံးချိန်မှာ အပူချိန်ဟာ ရေခဲမှတ်အောက် (-၆) ဒီဂရီ ရှိနေခဲ့ပါတယ်။

အမြင်အာရုံ မသန်စွမ်းသလို အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်တဲ့ ရှာအလမ်ကို နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ (Border Patrol) က ဖမ်းဆီးခဲ့ပြီးနောက်၊ သူ့အိမ်နဲ့ (၅) မိုင်လောက်ဝေးတဲ့ ကော်ဖီဆိုင်တစ်ခုမှာ ချထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူ့မှာ ဘာမသန်စွမ်းမှုမှ မတွေ့ရဘူးလို့ အကြောင်းပြပေမဲ့၊ တကယ်တော့ သူဟာ လမ်းလျှောက်ဖို့ တုတ်ကောက်ကို အမြဲသုံးရသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က သူ့ကို လွှတ်ပေးတဲ့အခါ သူ့ရဲ့ မိသားစုကိုဖြစ်စေ၊ ရှေ့နေကိုဖြစ်စေ အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့ လည်း ဆိုပါတယ်။ သူချထားခဲ့တဲ့ နေရာဟာလည်း သူ့မိသားစု အရင်ကနေခဲ့တဲ့ အိမ်ဟောင်းနားမှာ ဖြစ်နေပါတယ်။

ရှာအလမ်ဟာ မြန်မာနိုင်ငံကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်ပြီး ဘတ်ဖဲလ်လိုမြို့မှာ နေထိုင်တာ (၁၅) လ ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း သူလမ်းမှားပြီး သူစိမ်းတစ်ယောက်ရဲ့ အိမ်ရှေ့ရောက်သွားတုန်းမှာ သူကိုင်ထားတဲ့ မျက်မမြင်တုတ်ကောက်ကို လက်နက်လို့ ရဲတွေက ထင်ယောင်ထင်မှားဖြစ်ပြီး တေဇာဂန်း (Taser) လို့ခေါ်တဲ့ ကျင်စက် နဲ့ ပစ်ခတ်ဖမ်းဆီးတာ ခံခဲ့ရဖူးပါတယ်။

ဘတ်ဖဲလ်လို မြို့တော်ဝန် Sean Ryan ကတော့ ဒီဖြစ်ရပ်ဟာ “တာဝန်ကျေပွန်မှု မရှိခြင်း” နဲ့ “လူမဆန်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး နယ်စပ်ရဲတပ်ဖွဲ့အနေနဲ့ ဒီအတွက် တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပါတယ်။