ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် ရိုဟင်ဂျာ ၃၄၅ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း (Chattogram) ဒေသ၊ ချန်ဒါနိုက်ရှ် (Chandanaish) မြို့နယ်တွင် တရားမဝင် နေထိုင်နေသော ရိုဟင်ဂျာ ၃၄၅ ဦးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကြာသပတေးနေ့ အရုဏ်တက်ချိန်တွင် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGB) တို့ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံ အချိန်ကတည်းက လုံခြုံရေး တပ်ဖွဲ့များက ဗမာများ နေထိုင်သော Burma Colony နယ်မြေကို ပိတ်ဆို့ထားခဲ့သည်။
မိုးလင်းစ မနက် ၆ နာရီတွင် လုံခြုံရေး တပ်ဖွဲ့များ က စစ်ဆင်ရေးကို စတင်ပြီး တအိမ်တက်ဆင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း တရားဝင်အထောက်အထားမရှိသော အမျိုးသား ၁၇၆ ဦး၊ အမျိုးသမီး ၈၆ ဦးနှင့် ကလေးငယ် ၈၃ ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Times of Bangladesh သတင်းစာက ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို ဥပဒေကြောင်းအရ လိုအပ်သည်များ ဆောင်ရွက်ပြီးနောက် ကော့ဘဇား (Cox’s Bazar) ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှူးက ပြောကြားခဲ့သည်။