ICJ ဆုံးဖြတ်ချက်မှာ အယူခံမရှိသော အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်တွင် စွဲဆိုခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် (တနင်္လာနေ့) မှစတင်ကာ သက်သေများကို ကြားနာစစ်ဆေးလျက်ရှိသည်။
ဂမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး ဒေါဒါ ဂျောလို (Dawda Jallow) က မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးပျောက်ကွယ်စေရန် ရည်ရွယ်သည့် မူဝါဒများဖြင့် ရက်စက်စွာ နှိမ်နင်းခဲ့ကြောင်း တရားရုံးတွင် လျှောက်ထားခဲ့သည်။
တရားရုံးသို့ ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီး မိုနာအီရာ (Monaira) ကလည်း မိမိတို့အနေဖြင့် တရားမျှတမှုကို တောင်းဆိုကြောင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်များကို အရေးယူပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ကြားနာစစ်ဆေးမှုသည် လပေါင်းများစွာ ကြာမြင့်နိုင်သော်လည်း ၎င်းမှထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံဝင်ခွင့် ရှိမည်မဟုတ်ပေ။
အကယ်၍ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း စီရင်ချက်ထွက်ပေါ်လာပါက နိုင်ငံတကာရှေ့မှောက်တွင် တရားဝင်ဝန်ခံရခြင်း၊ နစ်နာသူများကို လျော်ကြေးပေးရခြင်းနှင့် ကျူးလွန်သူများကို အရေးယူရခြင်းများ ရှိလာနိုင်သည်။
ထို့ပြင် ဤစီရင်ချက်သည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ စုံစမ်းစစ်ဆေးမှုများအတွက်လည်း ခိုင်လုံသော သက်သေအထောက်အထား ဖြစ်လာမည်ဖြစ်သည်။