Elon Musk ၏ Grok AI ကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိတ်ပင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မာ့စ်ခ် (Elon Musk) ၏ xAI ကုမ္ပဏီမှ ထုတ်လုပ်ထားသော Grok AI ကို အလွဲသုံးစားပြု၍ လိင်ပိုင်းဆိုင်ရာပုံရိပ်များ ဖန်တီးနေသည့်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပထမဆုံးအကြိမ်အဖြစ် စတင်ပိတ်ပင်လိုက်သည်။
X ပလက်ဖောင်းမှတစ်ဆင့် အသုံးပြုနိုင်သော Grok သည် အမျိုးသမီးများနှင့် ကလေးသူငယ်များကို မလျော်ကန်သော လိင်ပိုင်းဆိုင်ရာပုံဖော်မှုများ ပြုလုပ်နိုင်ခြင်းကြောင့် ဝေဖန်ခံနေရခြင်းဖြစ်သည်။
အင်ဒိုနီးရှား ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး မုယာဟာဖစ် (Meutya Hafid) က ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖန်တီးထားသော ပုံရိပ်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံသားတို့၏ လုံခြုံမှုကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ဥရောပသမဂ္ဂ (EU)၊ အိန္ဒိယ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ကလည်း Grok အပေါ် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ဗြိတိန်နိုင်ငံတွင်မူ အဆိုပါ AI ပုံရိပ်ဖန်တီးမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် ပြင်ဆင်နေသည်။
မလေးရှားနှင့် အင်ဒို နီးရှားတို့၏ အရေးယူမှုအပေါ် လက်ရှိအချိန်အထိ အီလွန်မာ့စ်ခ်၏ xAI ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။