ရခိုင်ပြည် မြောက်ဦးကို စစ်အုပ်စုတပ် ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ရခိုင်ပြည်အတွင်း စစ်အုပ်စုတပ်သည် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် ဆေးရုံများကို ပစ်မှတ် ထား၍ ညဉ့်အချိန်ပါမကျန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ပထမပတ်အတွင်း၌ပင် ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခွဲဝန်းကျင်က မြောက်ဦး-အဉ္ဇနပူရ (မင်းပြား) အဝေးပြေး ကားလမ်း အနီးရှိ နန်းကျားကျေးရွာအတွင်းသို့ စစ်အုပ်စုတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲ ချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အချို့ ပြိုပျက်ခဲ့ရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းကျားကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန် ၄ လရှိ ကိုယ်ဝန် ဆောင် အမျိုးသမီး ဒေါ်သဲသဲမွန်မှာ ဖြစ်စဉ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဦးအောင်ကျော်ဇော၊ ဒေါ်အေးအေး၊ ဦးမောင်နီထွန်း၊ ဦးထွန်းဝင်း၊ ဒေါ်မလှနု၊ ဒေါ်လုံးပု၊ မောင်သန်းနိုင်၊ ဦးကျော်ထွန်းစိန်၊ ဒေါ်သန်းသန်းစိုး၊ မပပဝင်း လှိုင်နှင့် မအေးအေးသန်းတို့အပါအဝင် အပြစ်မဲ့ အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့ဒေသခံတစ်ဦးက “ကျနော်တို့ ကျေးရွာက စစ်ရေးနဲ့လည်း ဘာမှ မသက်ဆိုင်ပါဘူး။ ဒါကိုမှ လူအိပ် ချိန် သန်းခေါင်ယံမှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ လာချတာ။ နန်းကျား ဘုရားသိမ်နားမှာ ဗုံးကျတာ ဖြစ်လို့ နာရီဝက်လောက်အကြာ သွားကြည့်တော့ ကိုယ်ဝန်ဆောင် မိခင်ကို အရေးပေါ် ဆေးရုံပို့နေကြတုန်း၊ မနက်အစောပိုင်း ၁ နာရီလောက်မှာတော့ ဆေးရုံမှာ ဆုံးသွားခဲ့တာပါ။ အခုဆိုရင် ဘယ်နေရာမှလည်း လုံခြုံမှု မရှိတော့ပါဘူး” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် ညနေပိုင်းကလည်း မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီ သားဖွားဆေးရုံကို ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ် မွေးကင်းစ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ယခု နိုဝင်ဘာလ ပထမပတ်အတွင်း၌ပင် စစ်အုပ်စုတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သည့် မြောက်ဦး၊ ကျောက် တော်၊ ကျောက်ဖြူနှင့် စနဲ ဒေသများရှိ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများနှင့် ယာယီ ဆေးကုသရေး စခန်း များကိုပါ အဓိက ပစ်မှတ်ထား၍ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆေးရုံများနှင့် ပြည်သူ့အသုံးအဆောင် လမ်းတံတားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အာရက္ခတပ်တော် (ULA/AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒီသားဖွားဆေးရုံကို ဗုံးကြဲခံရ တဲ့ ဖြစ်ရပ်ဟာ လူ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုဖြစ် ပါတယ်။ ဒီရက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ ဒီအာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဆေးရုံတွေ၊ အများ ပြည်သူ အသုံးပြုတဲ့ လမ်းတံတားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိနေပါတယ်။ ဒီ လုပ်ရပ်တွေဟာ အင်မတန် အောက်တန်းကျ ရုပ်မာတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်” ဟု ဝေဖန်ထောက်ပြထား သည်။

ရှေ့တန်း စစ်မျက်နှာများတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုတပ်သည် လေကြောင်း တိုက်ခိုက်မှုများကို သာ အဓိက အားပြုကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပြီး၊ လက်ရှိတွင် ရခိုင်ပြည်သူများမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှု မရှိတော့ဘဲ စိုးရိမ်ထိတ်လန့်နေကြသည်။

ဓါတ်ပုံ – Deep Sigh