ရခိုင် မြို့နယ် ၃ ခု ဗုံးကြဲမှု အရပ်သား ၁ ဦးသေ ၁၄ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ရခိုင်ပြည် အတွင်းရှိ မြို့နယ် ၃ ခုကို စစ်အစိုးရတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံး ပြီး၊ ရဟန်းသံဃာတော်များ အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည် အတွင်းရှိ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များရှိ အရပ်ဘက်နေရာများကို စစ်အစိုးရ တပ်က ဧပြီလ ၁၉ ရက်နေ့တွင် လေကြောင်းမှ တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာသို့ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရွာဟောင်းပိုင်းရပ်ကွက်နှင့် လျှပ်စစ်မီးခွဲရုံတို့ကိုလည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် ၇ ကြိမ်တိုင်တိုင် ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲခဲ့သဖြင့် မီးခွဲရုံနှင့် လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပုဏ္ဏားကျွန်းမြို့နယ်ထဲကို ကြဲတာက ဗုံး ၆ လုံး၊ နောက်ပြီး မြောက်ဦး ကိုလည်း ကြဲသွားတယ်။ မြောက်ဦးက ကျောက်ဆည်ပြင်ရွာကို နှစ်ကြိမ်လာ ကြဲသွားတယ်လို့ ပြောတယ်ဟု မြေပြင်အခြေအနေကို ပြောပြသည်။

မြောက်ဦးမြို့နယ်တွင်လည်း ကျောက်ဆည်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအား စစ်အစိုးရတပ်က ဂျက်ဖိုက် တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စာသင်နေသည့် သံဃာတော်များ အပါအဝင် စုစုပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး သာသနိက အဆောက်အအုံများပါ မီးလောင်ပျက်စီးခဲ့ရသည်။

မြောက်ဦးဒေသမှ သတင်းရင်းမြစ်တစ်ဦးက မြိုလူမျိုး​တွေ ​နေထိုင်ကြတဲ့ မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည် ပြင်ရွာကို လေတပ်က ၁၉ ရက်​နေ့၊ မနက် ၁၀ နာရီလောက်မှာ ဗုံးကြဲသွားတာပါ။ ​ပေါင် ၅၀၀ ဗုံး ၂လုံး ၁၀ နာရီ လောက်မှာ ကြဲတယ်။ ၁၂ ခွဲလောက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်ကြဲတယ်။ အဲ့မှာ သံဃာ ၃ ပါး၊ အမျိုးသမီး ၂ ယောက်၊ ​အမျိုးသား ၈ ယောက် ဒဏ်ရာ ရတယ်။ တချို့မှာက တော်တော်လေး စိုးရိမ်ရတဲ့ အ​ခြေအ​နေ ရှိပါတယ်။ ဘုန်းကြီး​ကျောင်းနဲ့ သိမ်မှာလည်း လုံးဝပျက်စီး သွားခဲ့တယ် ဟု ပြောသည်။

စစ်အစိုးရတပ်သည် ယခုရက်သတ္တပတ်အတွင်း ရခိုင်နှင့် ချင်းပြည် (ပလက်ဝ) တို့ရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံများနှင့် လမ်းတံတားများကဲ့သို့သော အရပ်ဘက် အခြေခံအဆောက်အအုံများကို ဂျက်ဖိုက်တာ ၅ စီး၊ Y-12 လေယာဉ် ၂ စီးတို့ဖြင့် အပြင်းအထန် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – (ဝေဟင်အောင်) ​မြောက်ဦးမြို့နယ်၊ ​ကျောက်ဆည်ပြင်(မြို)ရွာ ဘုန်းကြီး​ကျောင်းကို ​​လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် မီးလောင်နေသည့်ပုံ။