ကျောက်ကြီး ဒေသခံ ၆၀၀ ကျော် ဗုံးဒဏ်ကြောင့် ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း စစ်အစိုးရတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၄ ရွာမှာ ဒေသခံပြည်သူ ၆၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ပြောသည်။
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သော ကျောက်ကြီး (လယ်ဒို) မြို့နယ်အတွင်း၌ အတာသင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း စစ်အစိုးရတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်သည်။
မြေပြင်သတင်းရင်းမြစ် တစ်ဦးက “တခြားမြို့တွေ ရွာတွေမှာ သင်္ကြန်ကာလ အေးအေးဆေးဆေး ဆိုပေမယ့် ဒီလယ်ဒိုဘက်မှာတော့ အခြေအနေက မကောင်းပါဘူး။ ဆက်တိုက်ကို ဗုံးကြဲခံနေရတာ။ အိမ်တွေလည်း KNU က ဓါတ်ပုံတွေ ထုတ်ပြန်ထားတဲ့အတိုင်းပဲ အကုန်မီးလောင်ကုန်ပြီ။ လူတွေလည်း နေစရာမရှိတော့ဘူး။ အား လုံးက အခုထိ တောထဲမှာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) က ထုတ်ပြန်ချက်အရ ဝါကေဒဲ၊ လယ်ဆူခို၊ ကိုထာနှင့် ကဒူးမူဒဲ ကျေးရွာများအနီးသို့ စစ်အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အိမ်ထောင်စု ၈၄ စုမှ လူဦးရေ ၆၀၂ ဦးမှာ အသက်ဘေးလွတ်ရာ တောတောင်များအတွင်းသို့ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ထို့ပြင် ဧပြီလ ၉ ရက်နေ့ကလည်း သစ်ဖယောင်းတန်း ကျေးရွာအတွင်းသို့ စစ်အစိုးရတပ်က စက်တပ် လေထီး များ အသုံးပြုကာ ၁၂၀ မမ ဗုံးသီးများဖြင့် ကြဲချခဲ့သဖြင့် အရပ်သားနေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရသည်။
ကော်လေဒဲကျေးရွာတွင်လည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခံရမှုကြောင့် နေအိမ်နှင့် တိရစ္ဆာန်တင်းကုပ်များ ပျက်စီး ခဲ့ရကြောင်း ကေအဲန်ယူ၏ ဓာတ်ပုံမှတ်တမ်းများတွင် ဖော်ပြထားသည်၊။
နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးကလည်း “စစ်တပ်က အခါကြီးရက်ကြီးတွေမှာ ပြည်သူတွေ အပန်းဖြေနားနေ တာကိုတောင် မကြည့်ဘဲ တမင်ကို ရည်ရွယ်ချက်ရှိရှိ လိုက်တိုက်နေတာပါ။ ရွာထဲမှာလည်း ဘယ်သူမှ မနေရဲ တော့ဘူး။ ဒရုန်းတွေ လေယာဉ်တွေ လာမလားဆိုတာပဲ ထိတ်လန့်နေရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၌ လေကြောင်းနှင့် လက်နက်ကြီး တိုက် ခိုက်မှုများကြောင့် အရပ်သား ၄၄ ဦး သေဆုံးခဲ့ပြီး၊ အခြေခံပညာကျောင်းနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ၃၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
လက်ရှိ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးအခြေအနေအရ လယ်ဒိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနိုင်သဖြင့် တောတောင်များအတွင်း ဆက်လက် ပုန်းရှောင်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။
မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက “အခုက အလှူရှင်တွေလည်း သွားလာရခက်ခဲနေသလို၊ လေယာဉ်က အချိန်မရွေး ထပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ရှောင်စခန်းတွေကို ပစ္စည်းပို့ဖို့တောင် တော်တော်လေး စိုးရိမ်နေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အကုန်လုံး ရွာကို ပြန်လို့ မရသေးဘူး” ဟု နောက်ဆုံးအခြေအနေကို ပြောသည်။
ထို့အပြင် စစ်အစိုးရတပ်သည် ကျေးရွာများအနီးသို့ ကင်းထောက်ဒရုန်းများဖြင့် လှည့်ပတ်ကြည့်ရှုနေသဖြင့် နေအိမ်ပျက်စီးသွားသည့် မိသားစုများမှာ မိမိတို့ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ ဖြစ်သလို ယာယီတဲထိုးကာ နေထိုင်နေကြရသည်။
လက်ရှိတွင် စစ်ဘေးရှောင်နေရသူများအတွက် အခြေခံစားနပ်ရိက္ခာနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု များ လိုအပ်လျက်ရှိကြောင်း အကူအညီပေးနေသူများက ပြောသည်။