တနင်္သာရီတိုင်းတွင် စစ်တပ်၏ အခိုင်အမာ စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
မြိတ်-ကော့သောင်း လမ်းပေါ်ရှိ စစ်တပ်၏ ဘိုဒါးစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြိတ်-ကော့သောင်း ပြည်ထောင်စုကားလမ်းမပေါ်တွင် အခိုင်အမာတပ်စွဲထားသည့် စစ်တပ်၏ ဘိုဒါးစခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၅ ရက်ကြာ တိုက်ခိုက် ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းသည်။
ဘုတ်ပြင်းမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့အကြား အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိပြီး စစ်တပ်က ၂ နှစ်ကျော်ကြာ တပ်စွဲထားသည့် အဆိုပါစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KNU တပ်မဟာ (၄) ၏ အတွင်းရေးမှူး ပဒိုစောအယ်နားက “စခန်းကနေ စစ်တပ်တပ်ဖွဲ့ဝင်တွေ အားလုံး ထွက်ပြေးသွားကြတယ်။ ပူးပေါင်းအဖွဲ့တွေဘက်က ဘာမှထိခိုက်ကျဆုံးမှု မရှိဘူး။ အရပ်သားတွေလည်း ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးတွေလည်း မရှိဘူး” ဟု အတည်ပြုပြောသည်။
ဘိုဒါးစခန်းတွင် စစ်တပ် လက်အောက်ခံ တပ်သားအယောက် ၂၀ ခန့် အခြေစိုက်ထားခြင်း ဖြစ်ပြီး ပူးပေါင် းတပ်ဖွဲ့များဘက်မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်သားများ စခန်းကိုစွန့်ခွာ၍ ထွက်ပြေးသွားကြခြင်းဖြစ်သည်။
အဆိုပါစခန်းကို ဧပြီလ ၂၀ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ၅ ရက်မြောက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြိတ်-ကော့သောင်း လမ်းပိုင်းသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် စစ်ရေးအရ အလွန်အရေးပါသည့် လမ်းမကြီး ဖြစ်ပြီး ယခုကဲ့သို့ စစ်တပ်၏ အခိုင်အမာစခန်း တစ်ခုကို သိမ်းပိုက်နိုင်ခြင်းသည် တော်လှန်ရေးတပ်ဖွဲ့များ အတွက် လမ်းပိုင်းစိုးမိုးမှုတွင် အားသာချက်တစ်ခု ဖြစ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြ သည်။
လက်ရှိတွင် သိမ်းပိုက်ရရှိထားသည့် ဘိုဒါးစခန်းပတ်ဝန်းကျင်၌ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင် ရွက်နေပြီး ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စစ်ရေးသတိရှိကြရန် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက အသိပေးထားသည်။