ဖားကန့်တွင် စစ်ရေးတင်းမာ၊ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။ 

ကချင်ပြည်နယ် ဖားကန့်တွင် စစ်ရေး တင်းမာနေပြီး အရပ်သား ထိခိုက် သေကြေမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

ကချင်ပြည်၊ ဖားကန့်တွင် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူများကို ပစ်သတ်မှုများ ဆက်တိုက်ကျူးလွန်နေသဖြင့် ဒေသအတွင်း စစ်ရေးအခြေအနေ အလွန်တင်းမာနေကာ အချိန်မရွေး တိုက်ပွဲကြီးများ ပေါက်ကွဲလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များအတွင်း ဖားကန့်မြို့နယ်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးခဲ့သည်။ 

ဧပြီလ ၂၄ ရက်နေ့က ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ နန့်ယားကျေးရွာ အနီးတွင် ခရီးသွားကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ အသက် ၂၆ နှစ်အရွယ် မရွှေဇင်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ 

ထို့ပြင် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၌လည်း လုံးခင်းကျေးရွာအုပ်စု အတွင်းရှိ မှော်ဆီစာနှင့် အောင်သာယာ ကျေးရွာတို့တွင် အမျိုးသား ၃ ဦး ထပ်မံပစ်သတ်ခံခဲ့ရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်ဖက်မှာ စစ်ရေးလှုပ်ရှားမှု တွေကတော့ နေ့တိုင်းရှိပါတယ်။ အဲဒီလုံးခင်းဖက်က ဆေးဆိုင်တွေ၊ တည်းခိုခန်းတွေ တော်တော်များများမှာ သူတို့ဝင်ပြီးမှ ပြည်သူလူထုတွေကို ဖမ်းသွားတာ။ နောက် သူတို့ မသင်္ကာတဲ့ ရပ်ကွက်ထဲမှာ ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်လို့ ပြည်သူလူထုတွေ ထိခိုက်တာလည်း နေ့တိုင်းလိုရှိပါတယ်။ ဖားကန့်တစ်ခွင်လုံးမှာ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ် ဟု ပြောသည်။

မြေပြင်စစ်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ ဧပြီလ ၂၅ ရက်နေ့ မွန်းတည့်ချိန်တွင် လုံးခင်းဂေါက်ကွင်းနှင့် ဆေးရုံဟောင်းတလျှောက် တပ်စွဲထားသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များကို KIA နှင့် PDF ပူးပေါင်း တပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ရာမှ အရပ်သား များ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်တပ်သည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန်အတွက် အမှတ် (၃) ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် တပ်မ (၃၃) လက်အောက်ခံတပ်ရင်းများ အပြင် ဝါရာဇွပ်ပြည်သူ့စစ် အင်အားများကိုပါ အသုံးပြု၍ ဖားကန့်ကျောက်စိမ်းမြေ အတွင်းသို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။ 

စစ်တပ် စစ်ကြောင်းများ ဆက်တိုက်ဝင်ရောက်လာခြင်းကြောင့် KIA အမှတ် (၆) တပ်ရင်းက ဖားကန့်-နန့်ယား-ကာမိုင်း လမ်းပိုင်းကို ဧပြီ ၂၂ ရက်နေ့မှစတင်ကာ အများပြည်သူ အနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုရန် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် ဧပြီလလယ်ပိုင်းကလည်း စစ်တပ်က အရပ်သားများကို ပစ်သတ်၍ လမ်းပေါ်တွင် အလောင်းစွန့်ပစ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။