ဖားကန့် တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ခွဲမှူး သေဆုံး၊ တပ်သား ၆ ဦး ဘက်ပြောင်းခိုလှုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖောဖော်ဝါရီလ ၃ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲထဲ စစ်ကော်မရှင်တပ်ဘက်မှ တပ်ခွဲမှူး တစ်ဦးသေဆုံးပြီး တပ်သား ၆ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာသည်။
ဖားကန့်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင် တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ခွဲမှူး တစ်ဦး သေဆုံးခဲ့ပြီး စစ်ကော်မရှင် တပ်သား ၆ ဦးသည် လက်နက်များနှင့်အတူ တော်လှန်ရေး အင်အားစုများ ထံသို့ နှစ်ရက်အတွင်း ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “အလင်းဝင်တဲ့သူတွေကနေတစ်ဆင့်ပဲ သူတို့ဘက်က တပ်ခွဲမှူးအရာရှိအဆင့်ရှိ သေဆုံးတာ သိရတာပါ။ ပြီးရင် အဲ့ဒီစစ်ကြောင်းထိုးတဲ့ တပ်ရင်းက မနေ့က တစ်ယောက် ဒီနေ့ ၅ ယောက် စုစုပေါင်း ၆ ယောက် အလင်းဝင်လာတာပါ” ဟု အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်၍ စစ်ကော်မရှင်တပ်က ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF တပ်ဖွဲ့များ အထိုင်ချရာ မရှီကထောင်၊ ထုံးဘိုနှင့် ဆိပ်မူကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲများ အရှိန်မြင့်တက်နေခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲပြင်းထန်နေသည့် ကြားမှပင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကော်မရှင် တပ်သားတစ်ဦး စတင် ဘက်ပြောင်းလာခဲ့ပြီး၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်မူ နောက်ထပ် တပ်သား ၅ ဦး ထပ်မံခိုလှုံလာခဲ့ခြင်း ဖြစ် သည်။
ဘက်ပြောင်းလာသည့် တပ်သားများသည် မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၃) လက်အောက်ခံ ခမရ ၃၈၁ တပ်ရင်းမှ ဖြစ်ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
အလားတူ တိုက်ပွဲအတွင်း သေဆုံးသွားသည့် အရာရှိမှာ တပ်ခွဲမှူး ဗိုလ်ကြီး ဇာနည်အောင် ဖြစ်ပြီး ၎င်းသေဆုံးမှု ကို ဘက်ပြောင်းလာသူများ၏ ပြောပြချက်အရ သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များဘက်က ပထမဦးဆုံး ဘက်ပြောင်းလာသည့် တပ်သားကို ကျပ်သိန်း ၃၀ ဆုကြေးငွေ ချီးမြှင့်ခဲ့ပြီးနောက်ပိုင်း ကျန်တပ်သားများ ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ဖားကန့်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂ ရက်အတွင်း ကလေးငယ် ၂ ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်။