အာဏာသိမ်း နှစ်ပတ်လည် အထိမ်းအမှတ် ကျင်းပသူ နိုင်ကျဉ်း အမျိုးသမီး ၅ ဦး တိုက်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
စစ်ကိုင်းတိုင်း မော်လိုက် အကျဉ်းထောင်တွင် အာဏာသိမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပသည့် နိုင်ကျဉ်း အမျိုးသမီး ၅ ဦး တိုက်ပိတ်ခံထားရပြီး လုံခြုံရေးအတွက် စိုးရိမ်ရ သည်ဟု နိုင်ကျဉ်းအရေး စောင့်ကြည့်နေသည့် အဖွဲ့အစည်းများက ပြောသည်။
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကလေးမြို့နယ်ရှိ မော်လိုက်အကျဉ်းထောင် အတွင်းမှ နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော်သည် ‘သွေးသစ္စာ’ သီချင်းကို သံပြိုင်ဟစ်ဆိုကာ အာဏာရှင်စနစ်ကို သပိတ် မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းသည်။
အဆိုပါ ဆန္ဒပြပွဲတွင် အကျဉ်းသူများသည် မတရားစွပ်စွဲထားသည့် အမှုကြီးများကို ပယ်ဖျက်ပေးရန်နှင့် အကျဉ်း သားများအကြား တန်းတူအခွင့်အရေးပေးရန် အဓိကတောင်းဆိုခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ပြောရေးဆိုခွင့်ရှိသူ မဆုမြတ်က “တောင်းဆိုထားတဲ့ အချက်တွေက အမှုကြီးတွေ ပယ်ဖျက်ဖို့တွေ၊ အကျဉ်းသူ အကျဉ်းသားတွေ တန်းတူ အခွင့်အရေး ရရှိဖို့ ဆိုတဲ့အချက်တွေက အရမ်း အခြေခံကျတဲ့ ဖြစ်သင့်တဲ့ လူ့အခွင့်အရေး တောင်းဆိုချက်တွေ ဖြစ်တယ်။ ဒါပေမဲ့ အရင်က အတွေ့ အကြုံတွေ ကြည့်မယ်ဆိုရင် အကျဉ်းထောင် အာဏာပိုင်တွေဘက်က အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှုတွေ မရှိခဲ့ဘူး” ဟု ပြောသည်။
အကျဉ်းသူများသည် ၎င်းတို့၏ တောင်းဆိုချက်များကို လာမည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့ထက် နောက်မကျဘဲ လိုက်လျောပေးရန် ရာဇသံပေးထားပြီး၊ လိုက်လျောမှုမရှိပါက နှစ်ဆန်း ၂ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်များနှင့်အတူ တိုက်ပွဲကို အရှိန်မြှင့်သွားမည်ဟု ကြေညာထားသည်။
ဤဆန္ဒပြမှုကြောင့် လက်ရှိတွင် ဦးဆောင်သူအမျိုးသမီး ၁၅ ဦးခန့် တိုက်ပိတ်ခံထားရပြီး ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန် ထားသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးကလည်း “ကျနော်တို့ အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား တွေရဲ့ အသံကို ထောင်ပြင်ပမှာရှိတဲ့ ပြည်သူပြည်သားတွေ အနေနဲ့ ဂရုစိုက်ပေးကြပါ။ ကျနော်တို့နိုင်မှ လွတ် မယ့်သူတွေအတွက် ကျနော်တို့ ညီညီညွှတ်ညွှတ်နဲ့ စစ်အာဏာရှင် အပါအဝင် အာဏာရှင်အမြစ်ပြတ်တဲ့အထိ ဆက်လက် ချီတက်ဖို့အတွက် အလေးအနက်တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
မဆုမြတ်က ဆက်လက်၍ “နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းသူ တစ်ရာကျော်က သွေးသစ္စာ သီချင်း ကို ဆိုပြီးတော့ ဆန္ဒပြခဲ့တာက အကြမ်းဖက်မှုမပါဘဲနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ဖော်ထုတ်ပြသတဲ့ လုပ်ရပ် တစ်ခုသာ ဖြစ်တယ်။ ဒါကို အာဏာပိုင်တွေဘက်က အပြစ်အဖြစ်နဲ့ သတ်မှတ်ပြီးတော့ ဖိနှိပ်အရေးယူတာက အကျဉ်းသူတွေရဲ့ လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်ပြီးတော့ လူ့အခွင့်အရေး ဥပဒေနဲ့ လုံးဝမကိုက်ညီဘူးလို့ မြင်ပါတယ်” ဟု ဝေဖန်ထောက်ပြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း လူပေါင်း ၂၂,၀၀၀ ကျော် မတရားဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံဖြင့် မရပ်ဘဲ အကျဉ်းထောင်များအတွင်း လွတ် လပ်သော စုံစမ်းရေးအဖွဲ့များ ဝင်ရောက်ခွင့်ရရန်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရန် လက် တွေ့ကျသည့် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း တော်လှန်ရေးအင်အားစုမျာနှင့် နိုင်ကျဉ်းအရေး ဆောင်ရွက်နေသူများက တောင်းဆိုနေကြသည်။