ဗုံးကြဲပြီး ဒရုန်းဖြင့်စောင့်ကြည့်ကာ ထပ်ဆင့်တိုက်ခိုက်သည့် ဗျူဟာသစ် စစ်တပ် အသုံးပြုလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ စစ်သုံ့ပန်းများ အပါအဝင် အရပ်သားပြည်သူများ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများ နှင့် တော်လှန်ရေးအဖွဲ့အစည်းများက ပြောသည်။
အထူးသဖြင့် စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲပြီးနောက် ဒဏ်ရာရရှိသူများကို လာရောက်ကူညီသည့် ကယ် ဆယ်ရေးသမားများကို ဒရုန်းဖြင့် စောင့်ကြည့်ကာ ဒုတိယအကြိမ် ထပ်ဆင့်ဗုံးကြဲသည့် ဗျူဟာ အသစ်ကို အသုံးပြုလာနေကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က သတိပေးလိုက်သည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ ညပိုင်းမှ မေလ ၁၂ ရက်နေ့ ညနေပိုင်းအထိ ၂၄ နာရီအတွင်း မင်းတပ်မြို့ပေါ်သို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ ဆက်တိုက်ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်းများ အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ့နေအိမ် ၁၅ လုံးနှင့် အုပ်ချုပ်ရေးရုံးဌာန ၁၀ ခုထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
လေကြောင်းဗျူဟာ အသစ်နှင့် ပတ်သက်၍ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) တာဝန်ရှိသူတစ်ဦးက “စစ်တပ်က အခုနောက်ပိုင်း အရင်လို ဗုံးကြဲပြီး ပြန်လှည့်သွားတာမျိုး မဟုတ်တော့ဘူး။ ဗုံးကြဲပြီးရင် ဒရုန်းနဲ့ အပေါ်ကနေ စောင့်ကြည့်နေတာ။ အဲဒီနောက် ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကူညီဖို့ လူတွေ စုလာတဲ့အချိန်ကျမှ နောက်တစ်ကြိမ် ထပ်ဆင့်ဗုံးကြဲတဲ့ ဗျူဟာကို ကောက်ကျစ်စွာ အသုံးပြုလာတာ တွေ့ရ တယ်” ဟု ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာရှိ ဘုန်းကြီးကျောင်းကိုလည်း မေလ ၁၁ ရက်နေ့ ညပိုင်း တွင် စစ်တပ်က လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဆွမ်းစားကျောင်းဆောင်ပေါ်သို့ တိုက်ရိုက် ကျရောက် ပေါက်ကွဲခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မြေပြသတင်းရင်းမြစ် တစ်ဦးက “ညဘက်ကြီး ဗုံးက ဝုန်းဆိုပြီး ကျောင်းပေါ်တည့်တည့် ကျလာတာ။ အိပ်နေ ရင်းနဲ့ကို အလန့်တကြား ထပြေးကြရတယ်။ အခုက ဘုန်းကြီးကျောင်းတွေပါ မချန်ဘဲ ပစ်မှတ်ထား တိုက်ခိုက် လာတော့ ဘယ်နေရာမှ မလုံခြုံတော့ဘူး။ ရွာထဲမှာလည်း လူစုလူဝေးမလုပ်ရဲကြတော့ဘူး” ဟု ပြောသည်။
စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေး အဆောက်အအုံများ၊ အရပ်သားပြည်သူများနှင့် ကယ်ဆယ်ရေးသမားများကိုပါ အငြိုးတေးဖြင့် ပစ်မှတ်ထားတိုက်ခိုက်လာနေခြင်း ဖြစ်သည်။
မြေပြင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်တပ်သည် လေကြောင်း အသာစီးရမှုကို အသုံးချကာ အရပ်သား လူထုအား စိတ်ဓာတ်ရေးရာ ခြိမ်းခြောက်ရန်အတွက် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကို ရက်ဆက် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန် သတိပေးချက်များကို ဂရုပြုရန်နှင့် လူစုလူဝေးများကို အထူးရှောင်ရှားကြရန် ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။