လိုင်ဇာတွင် ရက္ခိုင် ဗိုလ်လောင်းများကျဆုံးမှု ၁၂ နှစ်ပြည့် AA ဂါရဝပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ကချင်ပြည်၊ လိုင်ဇာမြို့အနီး ဗိုလ်သင်တန်းကျောင်းတွင် ၂၀၁၄ ခုနှစ်က ကျဆုံးခဲ့ရသည့် ဗိုလ်လောင်းများ၏ အသက်ပေးဆပ်မှုကို မည်သည့်အခါမှ မေ့မည်မဟုတ်ဘဲ အမြဲသတိရနေမည်ဟု အာရက္ခတပ်တော် (AA) က ၁၂ နှစ်ပြည့် အောက်မေ့ဖွယ် ထုတ်ပြန်ချက်တွင် ပြောဆိုလိုက်သည်။
အာရက္ခတပ်တော် AA သန္ဓေတည်စတင် အခြေချရာ KIO/KIA ဌာနချုပ်နယ်မြေအတွင်းရှိ “ဝေကျိုင်ဘွမ်” ဗိုလ် သင်တန်းကျောင်းကို စစ်အုပ်စုတပ်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ပညာ သင်ယူနေကြသည့် AA ဗိုလ်လောင်း ၈ ဦးနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်း ၂၃ ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၁၂ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင်း နေထိုင်သော လူငယ်တစ်ဦးက “အာရက္ခတပ်တော် သန္ဓေတည်ခဲ့တာက ကချင်လွတ်လပ်ရေး အဖွဲ့ဆီမှာပါ၊ လူငယ်တွေ ဗိုလ်လောင်းတွေ ပညာသင်ရင်း ကျဆုံးခဲ့တာကြောင့် နှစ်တိုင်း သတိရကြတယ်။ အချင်းချင်းလည်း ပြောဆိုပြီး အောင်ပွဲတွေ အထိမ်းအမှတ်တွေ လုပ်ကြပါတယ်။ သူတို့တွေအတွက်လည်း ဂုဏ်ယူပါတယ်” ဟု ပြောသည်။
AA အနေဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့ ရောက်တိုင်း ဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်လောင်းများ လဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချ၍ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အလံတစ်ဝက်လွှင့်ထူခြင်းများကို နှစ်စဉ် ပြုလုပ်လေ့ရှိသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ကို မည်သည့်အခါမှ မေ့မည်မဟုတ်ဘဲ ကျဆုံးခဲ့သည့် ဗိုလ်လောင်းများ၏ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့မှုများကို အမြဲတမ်း သတိရနေမည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ပြင် အာရက္ခအမျိုးသားတော်လှန်ရေး လှုပ်ရှားမှုကာလတစ်လျှောက် အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ကြသည့် အာရက္ခစစ်သည်တော်များနှင့် မိဘပြည်သူများအားလုံးကိုလည်း အမြဲတမ်း သတိရနေကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အာရက္ခပြည်သူလူထု၏ လက်ရှိရရှိထားသော အောင်မြင်မှုများအားလုံးသည် ပေးဆပ်စွန့်လွှတ် အနစ်နာ ခံကြသော တော်လှန်ရေး စစ်သည်တော်များအပါအဝင် တော်လှန်ရေးထဲတွင် ပုံစံတစ်မျိုးမျိုးနှင့် ပါဝင်နေကြ သူများကြောင့် ဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ – လိုင်ဇာ ဗိုလ်သင်တန်းကျောင်းတွင် ကျဆုံးခဲ့သည့် ဗိုလ်လောင်းများ။ (ဓာတ်ပုံ – AA Info Desk)