ဘူးသီးတောင်နှင့် မောင်တောတွင် အေအေနှင့် ARSA တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ရခိုင်ပြည်၊ မောင်တောမြို့နယ် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့် ARSA မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် (၅၆) အနီးရှိ Y Hlan Zone နှင့် မီးဇင်ဖာရား အကြားတွင် တိုက်ပွဲပြင်း ထန်ခဲ့ပြီး စက်တင်ဘာ ၂၈ ရက်အထိ ထိတွေ့တိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထို့ပြင် မောင်တောတောင်ပိုင်း မွတ်ဆလင်ကျေးရွာများဖြစ်သည့် ဂိုရာခါလီရွာ၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာနှင့် တောင်ဘဇားကျေးရွာတို့အပါအဝင် မေယုတောင်တန်းဘက်တွင်ပါ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “မောင်တောတောင်ပိုင်း မွတ်ဆလင်ရွာတွေဖြစ်တဲ့ ဂိုရာခါလီရွာ၊ ဘူးသီးတောင်၊ ဂူတာပြင်ရွာတွေမှာဖြစ်တာပါ။ မေယုတောင်တန်းဘက်လည်း တိုက်ပွဲရှိတယ်။ အေအေကလည်း လုံခြုံရေးအရ ကင်းလှည့်တာတွေရှိသလို ARSA ဘက်က ကျေးရွာတွေကို ဝင်လာတာတွေ ရှိနေတယ်။ မွတ်ဆလင် လက်နက်ကိုင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်လိုက် ရခိုင်ဘက် ပြန်လာလိုက် ဒီလိုတွေ လုပ်နေတယ်။ နယ်စပ်က ရွာတွေက ဒေသခံတွေကတော့ စိုးရိမ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် မောင်တောတောင်ပိုင်း ဂိုရာခါလီရွာ၌ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာ၌ လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ဘူးသီးတောင်မြို့နယ် တောင်ဘဇားရွာ၌ လည်းကောင်း ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် (၅၆) အနီး၌ ARSA အဖွဲ့က အာရက္ခတပ်တော် (AA) တပ်စခန်း ကို လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး AA ဘက်က နယ်မြေရှင်းလင်းရေးများ ဆက် လက်ဆောင်ရွက်နေကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် DMG ၏ ဖော်ပြချက်အရ သိရသည်။
ယခုကဲ့သို့ ARSA ၏ တိုက်ခိုက်မှုသည် လက်ရှိဖြစ်ပွားနေသည့် စစ်တွေတိုက်ပွဲနှင့်လည်း ဆက်စပ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။ စစ်တွေတိုက်ပွဲတွင် စစ်ကော်မရှင်တပ်များ နောက်ဆုတ်နေရချိန်၌ ARSA နှင့် စစ်ကော်မရှင်တပ်တို့ ပူးပေါင်းကာ အဘက်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်နိုင်ကြောင်း ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ DMG က ဖော်ပြထားသည်။
မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ARSA၊ ARA နှင့် RSO တို့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တစ်ဆင့် ရခိုင်ပြည်အတွင်းသို့ စိမ့်ဝင်လှုပ်ရှားကာ AA တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများအပြင် ပြန်ပေးဆွဲခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မေယုတောင်တန်းအတွင်း ARSA အဖွဲ့ စိမ့်ဝင်လှုပ်ရှားနေသည့် သတင်းများကြောင့် AA ဘက်က ရပ်ရွာ လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်ခိုင်းမှုများ ပြုလုပ်ထားသည်။
ထို့ပြင် မောင်တောခရိုင်အတွင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကို ကာကွယ်ရန်နှင့် လုံခြုံရေး တိုးမြှင့်ရန်အတွက် AA က ဩဂုတ်လ ၉ ရက်နေ့မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။