ယူဂန်ဒါနိုင်ငံတွင် သတင်းသမား တစ်ဦး ဘုရင်အဖြစ် ဘိသိက်မြှောက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။
ယူဂန်ဒါနိုင်ငံ အစိုးရရုပ်သံလိုင်း (UBC) ၏ သတင်းတင်ဆက်သူနှင့် အယ်ဒီတာဟောင်း အသက် ၅၆ နှစ်အရွယ် အက်ဒ်ဝပ် ရူကီဒီ ကီဂျာနန်ဂိုမာ (Edward Rukidi Kijanangoma) သည် ယူဂန်ဒါနိုင်ငံ၏ အဓိက ရှေးဟောင်းတိုင်းပြည် ၄ ခုအနက် တစ်ခုဖြစ်သည့် ထူးရိုး (Tooro) တိုင်းပြည်၏ ဘုရင်အဖြစ် တရားဝင် ဘိသိက်မြှောက်ခံခဲ့ရသည်ဟု BBC ကမ္ဘာတဝှမ်း အစီအစဉ်တွင် ဖော်ပြထားသည်။
အသက် ၃ နှစ်အရွယ်မှစ၍ နှစ်ပေါင်း ၃၁ နှစ်ကြာ ထူးရိုးတိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ဘုရင် အိုယို (King Oyo) သည် ပြီးခဲ့သည့်လက အသက် ၃၄ နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဘုရင် အိုယို ကွယ်လွန်ပြီးနောက် နန်းမွေဆက်ခံမှုတွင် အငြင်းပွားမှုများ ရှိခဲ့သည်။
ဘုရင်ဟောင်း၏ မယ်တော် Queen Best Kemigisa က ဘုရင်ဟောင်းတွင် အမေရိကန်၌ ရောက်ရှိနေသည့် သားငယ်တစ်ဦးရှိပြီး အရိုက်အရာ ဆက်ခံရန် သေတမ်းစာ ထားရှိခဲ့သည်ဟု အခိုင်အမာ ဆိုခဲ့သည်။
သို့သော် ဘုရင် ရွေးချယ်ရေး အဖွဲ့ဝင် ၂၁ ဦးပါ ဘာဘီးတို (Babiito) တော်ဝင်ဆွေမျိုးစု ကောင်စီက အဆိုပါ ကလေးငယ်အား တရားဝင် တင်ပြထားခြင်း မရှိဟုဆိုကာ ယင်းတောင်းဆိုမှုကို ပယ်ချပြီး ဘုရင်ဟောင်း၏ ဝမ်းကွဲညီအစ်ကို တော်စပ်သူ သတင်းထောက်ဟောင်း ကီဂျာနန်ဂိုမာကို ဘုရင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယူဂန်ဒါနိုင်ငံတွင် ရိုးရာဘုရင်များသည် နိုင်ငံရေး အာဏာ မရှိသော်လည်း ယဉ်ကျေးမှုနှင့် လူထုအပေါ် ဩဇာတိက္ကမ ကြီးမားသည်။
သမ္မတ ယိုဝေရီ မူဆီဗီနီ (Yoweri Museveni) အစိုးရနှင့် တပ်မတော် အကြီးအကဲတို့က ကီဂျာနန်ဂိုမာ ဘုရင်ဖြစ်လာမှုကို တရားဝင် ထောက်ခံခဲ့ပြီး သမ္မတကိုယ်တိုင် နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဘုရင်သစ် ကီဂျာနန်ဂိုမာသည် သတင်းထောက်အဖြစ် ၂၁ နှစ်ကျော် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံနှင့် အဆက်အသွယ်များကို အသုံးပြုကာ ပြည်သူများ စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
#Edward_Rukidi_Kijanangoma #King_Oyo