ပုလောတွင် မြေမြုပ်မိုင်းကြောင်း ၆၆ နှစ် အမျိုးသမီးနှင့် ၁၀ နှစ် သမီး ပြင်းထန်ဒဏ်ရာ ရရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း မရမ်းသီးခူးသည့် အမျိုးသမီးကြီး တစ်ဦးနှင့် ၁၀ နှစ်သမီး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ဆင်ထိုးကြီးကျေးရွာတွင် မရမ်းသီးခူးရန် သွားရောက်သည့် အသက် ၆၆ နှစ်အရွယ် အမျိုးသမီး ကြီးတစ်ဦးနှင့် ၁၀ နှစ်သမီးငယ်တစ်ဦးတို့ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားအမျိုးသမီးတစ်ဦးက “ဒေါ်စိန်သန်းကြည်နဲ့အတူ သွားတာက မိန်းမ ၂ ယောက် ပါသေးတယ်။ သူငယ်ချင်းခြံထဲမှာ တညင်းရွက်ဝင်ပြီး ခူးကြတာ၊ နောက်ပြီးတော့ မရမ်းသီးတွေ သီးနေတာကို မြင်ပြီး ခူးဖို့သွားတဲ့အခါ အပင်အောက်မှာ မိုင်းနင်းမိတာပါ” ဟု ပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးကျေးရွာ အရှေ့ကမ်းခြံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိုင်းနင်းမိသူ ဒေါ်စိန်သန်းကြည် (၆၆ နှစ်) မှာ ခြေဖနောင့်ပိုင်း ပွင့်ထွက်သွားသည့် ဒဏ်ရာကို ပြင်းထန်စွာ ရရှိခဲ့ ပြီး အနီးရှိ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာလည်း ခန္ဓာကိုယ်တွင် မိုင်းစ ရှပ်ထိမှန်သည့် ဒဏ်ရာများ ရရှိခဲ့သည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့် ဒေါ်စိန်သန်းကြည်ကို ပလောက်ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံ ကြီး သို့ အရေးပေါ် ပို့ဆောင်ထားရပြီး ၁၀ နှစ်အရွယ် မိန်းကလေးငယ်မှာမူ စိုးရိမ်ရသည့် အခြေအနေ မရှိဟု ဆိုသည်။
ဆင်ထိုးကြီးကျေးရွာသည် ၂၀၂၄ ခုနှစ်အတွင်းက နှစ်ဖက်တိုက်ပွဲများကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ရ သည့် ရွာဖြစ်ပြီး၊ လက်ရှိတွင် KNLA တပ်ရင်း (၁၂) က ထိန်းချုပ်ထားကာ ရွာသားများကို ပြန်လည်နေထိုင်ခွင့် ပြုထားခြင်းဖြစ်သည်။
သို့သော် လူနေအိမ်ခြံဝန်းများနှင့် ဥယျာဉ်များအတွင်း မြေမြှုပ်မိုင်း အန္တရာယ်က ကြီးစိုးနေဆဲ ဖြစ်သည်။
ရွာသားတစ်ဦး၏ အဆိုအရ ဆင်ထိုးကြီးရွာတွင် မိုင်းကြောင့် ထိခိုက်သူ ၁၇ ဦးအထိ ရှိလာနေပြီး ၎င်းတို့အနက် ၂ ဦး သေဆုံးကာ ကျန်လူနာအများစုမှာ ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသည်။
“မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေကြောင့် ရွာသားတွေ ရွာထဲပြန်ဝင်နေဖို့ ကြောက်နေကြရတယ်။ အဓိက ကတော့ ရွာထဲနဲ့ ခြံထဲက မိုင်းတွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးစေချင်ကြတာပါ” ဟု ၎င်းက ပြောသည်။
အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ဆင်ထိုးကြီးကျေးရွာမှ ရွာသားများသည် စစ်ဘေးဒဏ်မှ လွတ်မြောက်၍ နေရပ်ပြန် လာကြသော်လည်း ယခုကဲ့သို့ လူနေခြံဝန်းအတွင်းအထိ ကျန်ရှိနေသည့် မြေမြှုပ်မိုင်းများကြောင့် အသက် အန္တရာယ် လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေကြရသည်ဟု ဆိုသည်။