လုပ်သက်ရင့် ရဲတစ်ဦး ဘက်ပြောင်းလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်။ 

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ လုပ်သက်ဆယ်နှစ်ကျော် ရဲတစ်ဦး ဘက်ပြောင်း ခိုလှုံလာသည်ဟု မြိတ်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းထံသို့ ထွက်ပြေးလာကာ ဘက်ပြောင်းခိုလှုံလာသည်ဟု တပ်ရင်း ၃ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက သူ့မှာ လက်နက်တော့ ပါမလာဘူး၊ မတ်လကတည်းက တနင်္သာရီ မြို့နယ်ထဲကို ထွက်ပြေးလာတာ။ မိဘတွေဆီမှာ နေပြီးမှ PDF တပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာတာပါ ဟု ပြောသည်။

ကရင်ပြည်၊ လှိုင်းဘွဲ့မြို့မ ရဲစခန်းမှ အသက် ၃၅ နှစ်အရွယ် ရဲတပ်သား ရန်နိုင်လင်းသည် မိဘများရှိရာ တနင်္သာရီ မြို့နယ်သို့ ထွက်ပြေးလာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဇူလိုင်လ ၄ ရက်နေ့က ဘက်ပြောင်း ခိုလှုံလာခြင်း ဖြစ်သည်။

ရဲတပ်သား ရန်နိုင်လင်းသည် ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဉ် – ၂၉၂ စည်သူတပ်ခွဲ၌ သင်တန်းတက်ရောက်ခဲ့ပြီး ရဲလုပ်သက် ၁၁ နှစ်ရှိပြီ ဖြစ်သည်။

လှိုင်းဘွဲ့မြို့မရဲစခန်းတွင် တာဝန်ကျနေစဉ် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို လက်မခံနိုင်သဖြင့် ထွက်ပြေးလာခြင်း ဖြစ်သည်ကို ပြောပြခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသည့် ရဲတပ်သား ရန်နိုင်လင်းကို မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းမှ ကောင်းမွန်စွာ စောင့် ရှောက်ထားရှိပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိနေသည်ဟု ဆိုသည်။

တနင်္သာရီမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ ၆ လ အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီ တပ်သား အယောက် ၄၀ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။