မြန်မာ အလုပ်သမား ၁.၈ သန်း၏ အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုးခြင်း ဩဂုတ်လတွင် ပြန်စနိုင် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ 

ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်ဆုံးသွားသည့် ရွှေ့ပြောင်းလုပ်သား ၁.၈ သန်း အတွက် သက်တမ်းတိုးသည့် လုပ်ငန်းစဉ်ကို လာမည့် ဩဂုတ်လတွင် စတင်နိုင်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ 

လက်ရှိတွင် ထိုင်းအစိုးရက သက်တမ်းကုန်နေသည့် ရွှေ့ပြောင်းလုပ်သားများကို ယာယီဖြေလျော့ခွင့် ၆ လ ပေးထားသည်မှာ လာမည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

၎င်းတို့အား လာမည့်လအတွင်း ထပ်မံ သက်တမ်းတိုးပေးနိုင်သည်ဟု အလုပ်သမားရေး လုပ်ဆောင်နေသူ ဆူရချိုင် မင်းထွန်းက ပြောသည်။

ထူးတာကတော့ဗျ သူတို့တွေကတော့ အခု ဒီမကြာမီလေးမှာပေါ့နော် သက်တမ်း တိုးဖို့အတွက် ကိုကတော့ ဒါအလုပ်သမား ဝန်ကြီးဌာနကလည်း ကြေညာပြီးသား ဖြစ်တယ်။ သူတို့ ဖြေလျှော့ထားတာကိုလည်း ပဲ ဒီ ၈ လပိုင်း အထိကိုပဲ ဖြေလျှော့ထားတာ ဖြစ်တဲ့ အတွက်ကြောင့်ပေါ့နော်။ နောက်ထပ် ထပ်မံပြီး နောက် ၆ လ ထပ်ဖြေလျှော့ဖို့ ဆိုတာကလည်း ဝန်ကြီးများ အစည်းအဝေး ထုတ်ပြန်ချက် နောက်ထပ်တစ်ဖန် အဆို ထပ် တင်သွင်းတာမျိုးတွေလည်း ထပ်မရှိသေးဘူး ဆိုတော့ ပေါ့နော်။ အဲဒီတော့ ဒီ ၈ လပိုင်းမှာပဲ ဒီ အတည်ပြုလို့ ရသေးတာပေါ့နော်။

လက်ရှိတွင် သက်တမ်းကုန်ဆုံးနေသော စာရွက်စာတမ်းများကြောင့် အလုပ်သမားများ၏ ဘဏ်အကောင့်များ အပိတ်ခံရခြင်း၊ အလုပ်ပြောင်းရွှေ့ရာတွင် အခက်အခဲဖြစ်ခြင်း၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အရေးကြီးသည့် စာရွက်စာတမ်းများ သက်တမ်းတိုး၍ မရခြင်းတို့ကြောင့် အခက်အခဲများစွာနှင့် ကြုံနေရသည်ဟု ဆိုသည်။

အဓိကတော့ ကျနော်က ယာဉ်မောင်းလိုင်စင် လုပ်လို့မရဘူး။ ဘဏ်လည်း ဖွင့်မရဘူး။ ကျနော်တို့ကို လုပ်ပေး တဲ့ ဟာက အစကတည်းက စာရွက်စာတမ်းတွေ မစုံဘူးပေါ့လေ။ အဲ့မှာ အခက်အခဲဖြစ်နေတာ ဒီနေ့အထိပဲ။ ခရီးလည်း သွားလို့ရတယ်ဆိုပေမယ့် စာရွက်စာတမ်းက မစုံ၊ ထိုင်းစကားက ကောင်းကောင်း မတတ်တော့ ဗီဇာရအောင်ပဲ စောင့်နေရတယ် ဟု ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွား ရန်လိုအပ်သည်ဟု ဆူရချိုင်မင်းထွန်းက ဆက်ပြောသည်။

အလုပ်သမားတွေရဲ့ ပြဿနာကို တကယ် ဖြေရှင်းချင်တယ် ဆိုလို့ရှိရင်တော့ အခုလိုမျိုးပေါ့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို သူတို့ အစည်းအဝေးတွေ ထိုင်ပေါ့ နော်။ ပြီးလို့ရှိရင်လည်း အလုပ်ရှင်တွေနဲ့ အစည်းအဝေးတွေထိုင်။ အဘက်ဘက်ကနေ ခုံပေါ်မှာ ထိုင်ပြီးတော့ အဓိက ပြဿနာ ဖြေရှင်းမယ်ဆိုရင် ကောင်းလာမှာပါခင်ဗျ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁.၈ သန်းသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ အလုပ် လုပ် ကိုင်ခွင့် ဗီဇာကုန်ဆုံးခဲ့ပြီး ထပ်မံ သက်တမ်းတိုးနိုင်ရန်အတွက် စစ်ကောင်စီ နှင့် ထိုင်းအစိုးရတို့ကြား ညှိနှိုင်းရန် လိုအပ်နေသည့် ကာလတွင် ထိုင်းဘက်က ဩဂုတ်လ ၁၃ ရက်နေ့ အထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။