ဒုက္ခ သည်များအား အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရအား တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

ထိုင်း – မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်း ၄၀ ကျော် နေထိုင်လာခဲ့ကြသည့် မြန်မာ ဒုက္ခသည် များကို တရားဝင် အလုပ် လုပ်ကိုင်ခွင့် ပေးရန် အရပ်ဘက် အဖွဲ့အစည်းများက ထိုင်းအစိုးရကို တောင်းဆို လိုက်သည်။

နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများမှာ လုံးဝ ရပ်တန့်သွားတော့မည် ဖြစ်သောကြောင့် မြန်မာ ဒုက္ခ သည်များကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီက ဒီ ဒုက္ခသည် ကနေ ပြီးတော့ ပြောမယ်ဆိုရင် စခန်းထဲမှာပဲ ရှိမနေဘဲ အပြင်ကို ထွက်ပြီးတော့မှ အလုပ် လုပ်နိုင်အောင်ပေါ့နော် အဲ့ဒီအခွင့်အရေး work permit လို့ ခေါ်လား အဲ့လိုမျိုးတွေ အကူအညီတွေရဖို့ ပြီးရင် legally ပေါ့နော် တရားဝင် အဲ့လိုမျိုး ဟို policy မှာပဲ ချပြတာ မဟုတ်ဘဲနဲ့ တရားဝင် အဲ့လိုမျိုးပေါ့နော်။ ဒုက္ခသည်တွေအတွက် စဉ်းစား ပေးဖို့၊ migrant worker တွေကို စဉ်းစားပေးဖို့ အဲ့ဒီအတွက် ကျမတို့ အဖွဲ့အစည်း CBO ၁၁ ဖွဲ့လောက် ပေါင်းပြီး တော့မှ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်ပေါ့ဟု ပြောသည်။

ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်း ၉ ခုတွင် ရှိနေသည့် ဒုက္ခသည်ဦးရေ တစ်သိန်းကျော် အတွက် နိုင်ငံတကာမှ အကူအညီများမှာ လာမည့် ဇူလိုင်လကုန်တွင် လုံးဝရပ်ဆိုင်းတော့မှာ ဖြစ်သည်။

ထိုသို့သော အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်း နိုင်ရေး နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့က ဒုက္ခသည်များကို တရားဝင် အလုပ် လုပ်ကိုင်ခွင့် ပေးရန် ထိုင်းအစိုးရကို တောင်းဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာမှ ထောက်ပံ့မှု အကူအညီများ ရပ်တန့်သွားသော ကြောင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) က ဒုက္ခသည်များမှာ စားဝတ်နေရေးပိုင်း၌ တိုက်ရိုက် ခြိမ်းခြောက်နေရုံသာမက စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့်ပါ ရင်ဆိုင်နေကြရသည်။

အထူးသဖြင့် မိသားစုကို ဦးဆောင်နေရသော သူများအပေါ်၌ ဖိအားများ ပိုများလာနေသည်ဟု ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောသည်။

အထူးသဖြင့် အမျိုးသားတွေက ပိုများတဲ့ ပုံစံမျိုး ဖြစ်တယ်။ ဘာလို့လဲ ဆိုလို့ရှိရင် သူ့ကလေးအတွက် ပညာ ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ရှာဖွေရတဲ့အခါမှာ အပြင်ထွက်လုပ်ရင်လည်း အထောက်အထားမရှိဘူး။ ထိုင်းတွေကလည်း နည်းနည်း စည်းကမ်းကြပ်လာတယ် ပေါ့နော်။ အထောက်အထား မရှိရင် တအား ဖမ်းဆီးတဲ့ ကိစ္စ ပြီးရင် ပြန်ပြီးတော့မှ တရားရုံးတွေ ရင်ဆိုင်ပြီးတော့ ပြန်ထွက်လာရတဲ့ ကိစ္စ၊ အဲ့လိုမျိုး တော်တော် ဖြစ်နေတဲ့ အခါကျတော့ ပြီးလို့ရှိရင် လူထုတွေကလည်း ကိုယ့်နေရပ် ပြန်စရာနေရာမရှိ အဲ့လိုဖြစ်တဲ့ အခါကျ တော့ စိတ်ဓာတ် ကျတာတွေကတော့ တော်တော် ရှိလာတဲ့ အနေအထားမှာ တွေ့တယ်ပေါ့နော်။

ကရင်နီဒုက္ခသည် စခန်းအမှတ် (၁) တစ်ခု၌ပင် ၂၀၂၅ ခုနှစ် ဇန္နဝါရီလမှ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်သည့် ကိစ္စ ၃ ခုရှိခဲ့ပြီး တစ်ဦးမှာ အသက် ဆုံးပါးသွားခဲ့သည်ဟု KNWO ၏ စာရင်းအရ သိရသည်။

နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်နေပြီ ဖြစ်သည့် အဆိုပါ ဒုက္ခသည်များအတွက် နိုင်ငံတကာ ထောက်ပံ့ပေးမည့် အကူအညီများအပေါ်  မှီခိုနေရသည့် စနစ်အစား၊ မိမိကိုယ်ကို အားကိုး၍ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မည့် အခွင့်အလမ်းတို့ကို ဖန်တီးပေးရန် အရပ်ဘက် အဖွဲ့အစည်းများက မျှော်လင့်နေကြသည်။

နော်ချယ်ရီ က အခုဆို ရိက္ခာထပ်ပြီးတော့ လျှော့ချမှုကလည်း ဆက်ဖြစ်လာတယ်။ ဒီ generation တွေက ပြော မယ် ဆိုလို့ရှိရင်တော့ ဒီလိုမျိုးတွေ နောက်ထပ် မရင်ဆိုင်စေချင်ဘူးလေနော်။ နောက်ထပ် အခက်အခဲတွေ လည်း မတွေ့စေချင် ဘူး။ ဆိုတော့ လူသားဖြစ်ခြင်းကို ဟို တန်ဖိုးရှိရှိနဲ့ပေါ့နော်။ ဟို ဂုဏ်သိက္ခာရှိရှိနဲ့ ဆက် လက် ရပ်တည်သွားတာကိုလည်း မြင်ချင်တယ်လေ ဟု ပြောသည်။

နယ်စပ်ရှိ ဒုက္ခသည်များအရေး တောင်းဆိုချက်ကို ထိုင်း အောက်လွှတ်တော် ဥက္ကဋ္ဌများနှင့် နိုင်ငံတော်လုံခြုံရေး၊ ဥပဒေရေးရာ၊ အလုပ်သမားရေးရာ၊ နိုင်ငံခြားရေးရာနှင့် လူမှုဘဝဆိုင်ရာ အဓိက ကော်မတီကြီး ၅ ခုကို  ဇူလိုင်လ ၁၅ ရက်နေ့ရက်စွဲဖြင့် စာပေးပို့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်ထဲ၌ ဒုက္ခသည်များသည် ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး မဟုတ် ဘဲ ကျွမ်းကျင်မှုများနှင့် ပညာအရည်အချင်းများ ရှိသည့်အတွက် အလုပ်သမား လိုအပ်မှုရှိနေသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်သော လူ့စွမ်းအား အရင်းအမြစ်တစ်ခု ဖြစ်သည်ဟု လည်း ထောက်ပြထားသည်။

အဆိုပါ တောင်းဆိုမှု အောင်မြင်ရေး အချက် ၅ ချက်ပါသည့် အကြံပြုချက်ကိုလည်း တင်ပြထားပြီး ဒုက္ခသည် များကို ရှေ့ပြေးစီမံကိန်းအနေဖြင့် စခန်းအနီးတဝိုက်၌ အလုပ်လုပ်ခွင့်ပြုရန်၊ အလုပ်လုပ်ခွင့်အတွက် အခကြေး ငွေ ကင်းလွတ်ခွင့်ပေးရန်နှင့် မှတ်ပုံမတင်ရသေးသော ဒုက္ခသည်များကို UNHCR နှင့် ပူးပေါင်း၍ မှတ်ပုံတင်ပေး ရန် စသည့် အချက်များကို တောင်းဆိုထားသည်။ 

ဓါတ်ပုံ – ကရင်နီဒုက္ခသည် စခန်းအမှတ် (၁)